သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်က စစ်ဘေးရှောင်များ မိုးဦးကျအမှီ လုံခြုံသည့် အမိုးအကာရရှိရန် လိုအပ်နေ

ရက္ခိုင်တွင် စစ်ဘေးများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ရက္ခိုင်ရှိ ပြည်သူများမှာ မိုးတွင်းကာလနေထိုင်ရန် မိုးဦးကျအမှီ လုံခြုံသည့် အမိုးအကာများ ရရှိရန် လိုအပ်လျက်ရှိသည်ကို AB News ကစုံစမ်းသိရှိရသည်။

ရက္ခိုင်တွင် စစ်တွေ၊ ပေါက်တော၊ မင်းပြား၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ မြောက်ဦး၊ ကျောက်တော်၊ အမ်း၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ သံတွဲမြို့နယ်များမှ ပြည်သူအများစုမှ စစ်ဘေးလွတ်ရာသို့ အိုးအိမ် စွန့်ခွာ နေကြရသည်။

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများကြောင့် ရက္ခိုင်ဒေသခံ သိန်းနှင့်ချီ အသက်လုထွက်ပြေးခဲ့ရပြီး အိုးမဲ့အိမ်မဲ့ဖြစ်ကာ အများစုမှာ ၎င်းတို့၏ မိသားစုဆွေမျိုးအိမ်များတွင် စစ်ဘေးရှောင်လျက်ရှိကြရပြီး အချို့မှာ သစ်ရွက်မိုး တဲငယ်လေးများပြုလုပ်ကာ နေထိုင်နေကြရသည်ကိုတွေ့ရသည်။

မြို့နယ် ၉ ခုကို အာရက္ခတပ်တော်က သိမ်းပိုက်ရရှိထားပြီးဖြစ်သော်လည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် ဗုံးကြဲတိုက်ခိုက်မှုများ အဆက်မပြတ် ရှိနေသောကြောင့် ဒေသခံပြည်သူများလည်း ၎င်းတို့နေရပ်သို့မပြန်ဝံ့ဘဲ ဖြစ်နေကြရသည်။

တကျော့ပြန်စစ်ပွဲကြောင့် ထွက်ပြေးလာကြရသည့် ဒေသခံပြည်သူများအတွက် မိုးလုံသည့် အမိုးအကာများလိုအပ်နေကြောင်း ကျောက်တော်လူငယ်များအစည်းအရုံးမှ တာဝန်ရှိသူ တစ်ဦးက AB News သို့ပြောသည်။

“အခုက တစ်ခြားမြို့နယ်တွေက စစ်ဘေးရှောင်တွေပိုများလာတယ်။ လက်ရှိရထားတဲ့စာရင်းကတော့ စစ်ဘေးရှောင် ၈၀၀ဝ လောက်ရှိပါတယ်။ အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်” ဟုဆိုသည်။

ပြီးခဲ့သည့် မေလ ၅ ရက်နေ့က မိုးရွာသွန်းခဲ့မှုကြောင့် အမိုးအကာ မလုံသည့် စစ်ဘေးရှောင်စခန်းတစ်ခု (လုံခြုံရေးအရအမည်မဖော်လို) တွင် မိုးရေများကြောင့် စစ်ဘေးရှောင်များ နေထိုင်ရေးနှင့် ချက်ပြုတ်ရေးကအစ အခက်အခဲ ရှိခဲ့ကြောင်း စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက AB News သို့ ပြောသည်။

“ကျမတို့က အမိုးအကာတွေမရှိဘူး။ သစ်ရွက်တွေကို အိမ်လိုဆောက်ပြီးနေထိုင်နေရတာ။ မိုးရွာတာနဲ့ အိပ်လို့လည်းမရဘူး။ ထမင်း၊ ဟင်း ချက်ပြုတ်စားသောက်ဖို့လည်း အဆင်မပြေဘူး။ အမိုးအကာတွေကူညီပေးကြပါ” ဟုဆိုသည်။

အဆိုပါစစ်ဘေးရှောင်စခန်းတွင် အမိုးအကာများအဖြစ်အသုံးပြုနေရသည်မှာ ကောက်ရိုးများ၊ စောင်များ၊ သစ်ရွက်များနှင့် တာလာပတ်အနည်းငယ်တို့ဖြင့် ယာယီတဲဆောက်လုပ်ပြီးနေထိုင်နေရသည်ကို တွေ့ရသည်။

စစ်ဘေးရှောင် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများသည် စွတ်စိုနေသည့် မြေကြီးပြင်တွင် ဖျာခင်းကာ အိပ်နေရသည်ကိုလည်းတွေ့ရသည်။

စစ်ကောင်စီ၏ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပေါက်တောမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ရမ်းဗြဲမြို့နှင့် တခြားမြို့များတွင်လည်း အိမ်ခြေ အ‌မြောက်အများ ပြိုကျ ပျက်စီးခဲ့ရသောကြောင့် နေရပ်သို့ ပြန်၍ ရသည့်တိုင် ယာယီတဲဆောက်လုပ်နိုင်ရန် အကူအညီများလိုအပ်သည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက AB News သို့ ပြောသည်။

“မြို့ပေါ်မှာ ကျမတို့အိမ်တွေလည်းဗုံးကြဲခံလိုက်ရတယ်။ ကျမတို့လည်း မပြန်ဝံ့သေးဘူး။ လေယာဥ်ကလည်း တစ်ခြားမြို့နယ်တွေကို နေ့တိုင်းလိုလိုဗုံးကြဲနေတာတွေ့ရတယ်။ ကျမတို့မှာအမိုးအကာတွေလိုအပ်နေပါတယ်။ မိုးရွာတဲ့အခါဆိုရင် ကလေးတွေအတွက် စောင်တွေလည်းလိုအပ်နေတယ်၊ တကယ်လို့ ပြန်လို့ရရင်တော့ ကျမတို့မှာ နေစရာမရှိတော့ပါဘူး” ဟု ပုဏ္ဏားကျွန်းမြို့မှ စစ်ဘေးရှောင်အမျိုးသမီးက ဆိုသည်။

တိုက်ပွဲများကြောင့် ရက္ခိုင်ဒေသအတွင်းရှိ ရက္ခိုင်၊ ခမီ၊ မြို၊ ဒိုင်းနက်၊ သက်၊ ကမန်၊ မာရမာကြီးနှင့် ဒေသခံမူဆလင်အချို့မှာ ထွက်ပြေးတိမ်းရှောင်နေရပြီး အမိုးအကာ၊ စားဝတ်နေရေးအခက်အခဲများဖြင့် ရင်ဆိုင်နေကြရခြင်းဖြစ်သည်။

မင်းပြားမြို့နယ် ဖုန်သာချောင်းအနီးပတ်ဝန်းကျင်မှ မြို၊ ချင်းလူမျိုးနေထိုင်သည့် နေရာများသို့ တိုင်းဗဟိုကိုးမှ စစ်ကောင်စီတပ်သားများလက်နက်များ ထွက်ပြေးမှုများရှိခဲ့သည့်အတွက် ဒေသခံပြည်သူများလည်း ရွာမှထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ၎င်းတို့မှာ လုံခြုံသည့် အမိုးအကာမရှိ၍ ဒုက္ခရောက်နေရသည်ဟု ပြောသည်။

“ကျမတို့လို ထွက်ပြေးလာတဲ့သူတွေမှာ မိသားစုဝင်တွေအများကြီးပါတဲ့သူတွေရှိပါတယ်။ အိပ်စရာနေရာတွေမရှိလို့ မြေပြင်တွေမှာ တဲထိုးပြီးနေရတာ။ မိုးရွာရင် တစ်ခြားအိမ်တွေကိုဝင်ပြေးရတယ်။ ကလေးတစ်ဖက်၊ ဝမ်းရေးတစ်ဖက်နဲ့အရမ်းကို ဒုက္ခရင်ဆိုင်နေရပါတယ်” ဟုဆိုသည်။

ဘူးသီးတောင်မြို့ထဲရှိ နေအိမ်များကို အကြမ်းဖက် စစ်ကောင်စီနှင့် လက်နက်ကိုင် စစ်သွေးကြွမူဆလင်များက မီးရှို့လိုက်၍ ထွက်ပြေးလွတ်မြောက်လာသည့် စစ်ဘေးရှောင် အမျိုးသားတစ်ဦးက မိုးရာသီကာလတွင် အမိုးအကာများလိုအပ်နေကြောင်း ပြောသည်။

” နေအိမ်တွေအများကြီး မီးရှို့ဖျက်ဆီးခံလိုက်ရတယ်။ ကျမတို့အခုထွက်ပြေးနေရတယ်။ မိုးလေဝသကလည်း အခြေအနေမကောင်းဘူး။ တစ်နေ့ရွာရင် အိပ်ရာတွေမှာ ရေလွှမ်းမိုးသွားတယ်။ ကျမတို့လည်းအခက်အခဲတွေ့နေရတယ်။ တတ်နိုင်တဲ့သူတွေ အမိုးအကာပေးစေချင်ပါတယ်” ဟုဆိုသည်။

ရက္ခိုင်တွင် နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်မှ တကျော့ပြန် တိုက်ပွဲပြန်စတင်ခဲ့ချိန်မှစပြီး စစ်ဘေးရှောင်ပြည်သူ သိန်းချီရှိနေသော်လည်း အရပ်ဖက် စစ်ဖက်ခွဲခြား သတ်မှတ်ခြင်းမရှိဘဲ လူစုလူဝေးရှိသည့် နေရာများကို  စစ်ကောင်စီက လက်နက်ကြီးများ၊ ဒရုန်းများနှင့် လေကြောင်း တိုက်ခိုက်မှုများ အဆက်မပြတ် ရှိနေသောကြောင့် စစ်ဘေးရှောင်စခန်းဟု သတ်မှတ် နေရာချထားရန် မဖြစ်နိုင်သည်ကိုလည်း တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်