သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်ကို စစ်ကော်မရှင်တပ် စစ်ရေးထိုးနှက်မှု ပြင်းပြင်းထန်ထန် ပြုလုပ်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသူများ ပြော

AB News – အောက်တိုဘာ ၃၀၊ ၂၀၂၅
မျိုးဟိန်း

၁၀၂၇ စစ်ဆင်းရေးဖော်ဆောင်သည့် မြောက်ပိုင်းညီနောင် ၃ ဖွဲ့မှ MNDAA၊ TNLA တို့နှင့် အပစ်အခတ်ရပ်စဲလိုက်သည့် စစ်ကော်မရှင်သည် ရက္ခိုင်ဘက်ကို ယခင်ထက် စစ်ရေးထိုးနှက်မှု ပိုမိုပြုလုပ်လာနိုင်ကြောင်း ရက္ခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။

တရုတ်၏ အကူအညီဖြင့် ကိုးကန့်တပ် (MNDAA) နှင့် အပစ်ရပ်ထားသည့် စကမ သည် ယမန့်နေ့တွင် တအာင်းတပ် (TNLA) နှင့်လည်း နှစ်ဖက်အပစ်အခတ်ရပ်စဲလိုက်သည်။

မြို့သိမ်းတိုက်ပွဲ အများအပြားကို ဖော်ဆောင်နေသည့် MNDAA နှင့် TNLA ကို အပစ်အခတ်ရပ်စဲလိုက်သည့် စကမ သည် ရက္ခိုင်က ထိန်းချုပ်မြို့နယ်များကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာနိုင်ကြောင်း ရက္ခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

“သူတို့က(စကမ) က စစ်ပန်းလာတော့ ၁၀၂၇ စစ်ဆင်ရေးမှာပါတဲ့ အဖွဲ့ ၂ ဖွဲ့ကို အပစ်ရပ်နိုင်ဖို့ တရုတ်ကို ငိုပြတာပေါ့။ ဆိုတော့ ရှမ်းမြောက်ဖက်မှာ အပစ်ရပ်လို့ရှိရင် ရက္ခိုင်က ထိန်းချုပ်မြို့နယ်တွေကို ထိုးစစ်တွေ ပြင်းပြင်းထန်ထန် လုပ်လာနိုင်တယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် လပိုင်းကလည်း ရက္ခိုင်ကမ်းရိုးတန်းပင်လယ်ပြင်များတွင် စစ်ရေယာဥ်အများအပြားတိုးချဲ့ ချလာသလို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သောကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုများ မြင့်တက်လျက်ရှိသည်။

စကမက ရက္ခိုင်ကိုထိုးစစ်ဆင်ရာတွင် လေကြောင်းနှင့် ရေကြောင်းကို အဓိကအသုံးပြုလာနိုင်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

“ရက္ခိုင်ကို ထိုးစစ်ဆင်ဖို့က တခြားမြို့တွေထက် ခက်ခဲမေလို့ မြင်တယ်။ ကြည်းနဲ့ ဘယ်လိုမှ ထိုးဖောက်နိုင်ခြေမရှိဘူး။ ရက္ခိုင် နဲ့ အစပ် ပဲခူး၊ မကွေး၊ ဧရာဝတီ တိုင်းတွေမှာ အာရက္ခတပ်တော်က တပ်အင်အားတော်တော် ဖြန့်ကြက်ထားတော့ ထိုးဖောက်ဖို့ ခက်ခဲမယ်လို့ မြင်တယ်” ဟု ဆိုသည်။

ရက္ခိုင်က ပင်လယ်ပြင်အနီးအနား ထိန်းချုပ်မြို့နယ်များနှင့် တခြားထိန်းချုပ်မြို့နယ်များတွင် လေကြောင်း၊ လက်နက်ကြီး အန္တရာယ်များကို ယခင်ထက် ပိုမိုသတိထားရန် လိုအပ်ကြောင်း လူမှုရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။

“အထူးသဖြင့် ပင်လယ်နဲ့ နီးစပ်တဲ့ မြို့တွေက ကျေးရွာတွေကို နေဗီက လက်နက်ကြီး လှမ်းပစ်လာနိုင်တယ်။ တခြားမြို့တွေဆိုရင် လေကြောင်းဗုံးကြဲမှုတွေ အရင်ထက်ပြုလုပ်လာနိုင်တယ်။ အရင်ထက် လုံခြုံရေးသတိထားရမဲ့ အခြေအနေလို့ မြင်တယ်။ ပွဲလမ်းသဘင်တွေနဲ့ လူစုလူဝေးရှိတဲ့ နေရာတွေက တော်တော်စိုးရိမ်ရတဲ့ အခြေအနေလို့ ပြောလို့ရတယ်” ဟု ဆိုသည်။

ယမန်နေ့ TNLA နှင့် အပစ်ရပ်စဲသည့် စကမ သည် ရက္ခိုင်က ပေါက်တောမြို့နယ် တောင်ညိုကျေးရွာကို စစ်တွေအခြေစိုက် အမြောက်တပ်ရင်း နှင့် ပင်လယ်ပြင်တွင်ရပ်နားထားသည့် နေဗီများမှ လက်နက်ကြီး လှမ်းပစ်မှုကြောင့် အသက်မပြည့်သည့် အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး ဒေသခံ ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ရက္ခိုင်တွင် မြို့သိမ်းတိုက်ပွဲစတင်ဖော်ဆောင်သည့် တကျော့ပြန်တိုက်ပွဲကာလအတွင်း စကမ ၏ တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၉၀၀ ကျော်သေဆုံးခဲ့ပြီး ၂၀၀၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကာ မတရားဖမ်းဆီးခံရသည့် ပြည်သူ ၁၀၀၀ ကျော်ရှိကြောင်း အာရက္ခတပ်တော်(ULA/AA) ၏ လူသားချင်းစာနာထောက်ထားရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) မှ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ရက္ခိုင်ကို စကမ မှ စစ်ရေးလှုပ်ရှားမှုများ ပိုမိုပြုလုပ်လာသောကြောင့် ဒေသခံပြည်သူများအနေဖြင့် ယခင်ထက်လုံခြုံရေးသတိရှိရန် အာရက္ခတပ်တော်မှ အောက်တိုဘာလ ၁၉ ရက်တွင် သတိပေးထုတ်ပြန်ထားသည်။

လက်ရှိတွင် ၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA နှင့် TNLA သိမ်းယူထားသည့် ရှမ်းမြောက်မှ မြို့နယ်များကို စကမ က တရုတ်အကူအညီအပါအဝင် ၎င်းတို့ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် မြို့တချို့ကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်ထားပြီး အာရက္ခတပ်တော် တိုက်ခိုက်သိမ်းပိုက်ထားသည့် ရက္ခိုင်က မြို့နယ်များကိုမူ ပြန်လည်သိမ်းယူနိုင် စွမ်းမရှိ သေးပေ။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ