သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့တွင် ယာဥ်အန္တရာယ်ကင်းရှင်းရေးနှင့် မြို့ရွာ လှပသာယာရေးတို့အတွက် လမ်းဧရိယာ နယ်နိမိတ်ကျော်လွန်ဆောက်ထားသည့် ဆိုင်ခန်း၊ အယပ်တွဲ စသည်တို့ကို ဖယ်ရှား

AB News – ဒီဇင်ဘာ ၂၊ ၂၀၂၅
အောင်စိုး

ရက္ခိုင်ပြည်၏ ရှေ့ဟောင်းမြို့တော်ဖြစ်သော မြောက်ဦးမြို့တွင် ယာဥ်အန္တရာယ်ကင်းရှင်းရေးနှင့် မြို့ရွာ လှပသာယာရေးတို့အတွက် မြို့တွင်း၊ မြို့ပြင် ယခုရှိနေသည့် လမ်းဧရိယာများအားလုံးကို လမ်းဧရိယာနယ်နိမိတ် သတ်မှတ်ပြီး နယ်နိမိတ် ကျော်လွန်ဆောက်ထားသည့် ဆိုင်ခန်း၊ အယပ်တွဲ၊ လမ်းဘေးဈေးဆိုင်များကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးက ဖယ်ရှားလျက်ရှိကြောင်း AB News မှ စုံစမ်း သိရသည်။

သတ်မှတ်လိုက်သည့် လမ်းဧရိယာများမှာ အာရှလမ်းမကြီးတွင် အကျယ်အဝန်း ပေ ၇၀၊ မြို့တွင်း လမ်းများကို ၃၅ ပေ ဖြစ်ကြောင်း သိရသည်။

ယခင်ရှိပြီးဖြစ်သည့် လမ်းဘေး ဝဲ၊ ယာ တွင်ရှိသည့် ရေမြောင်းအထိ လမ်းဧရိယာ သတ်မှတ်ထားပြီး ရေမြောင်းကျော်ကာ ဆောက်လုပ်ထားသည့် စျေးဆိုင်ခန်း၊ အယပ်တွဲများကိုလည်း ဖယ်ရှားပေးရမည်ဖြစ်ကြောင်း မြောက်ဦးမြို့ခံသား သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

“လမ်းကို တိုးချဲ့ပြီး ဧရိယာသတ်မှတ်တာမျိုး မဟုတ်ပါဘူး။ အရင်ကရှိခဲ့တဲ့ လမ်းဘေးနှစ်ဖက် မြောင်းတွေအဆီလောက်ဘဲ လမ်းဧရိယာအဖြစ်သတ်မှတ်လိုက်တာလို့ သိရပါတယ်။ ရေမြောင်းကျော်ပြီး ဆောက်ထားတဲ့ အဆောက်အဦးတွေတော့ ဖယ်ရှားပေးရမယ့် အခြေအနေပါ။ ရေမြောင်းမကျော်တဲ့ အဆောက်အဦးတွေတော့ ဘာမှဖြစ်လောက်မယ် မထင်ပါဘူး” ဟု ပြောသည်။

စစ်ကောင်စီလက်ထက်တွင် မြောက်ဦးမြို့သည် ၎င်း၏ လက်အောက်ဝန်ထမ်းများ၏ လာဘ်ပေးလာဘ်ယူစနစ်များကြောင့် လမ်းဧရိယာများထဲတွင် စျေးဆိုင်၊ အိမ်၊ အဆောက်အဦးများကို အများအပြား ဆောက်ခွင့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ရပ်များကြောင့် မြောက်ဦးမြို့ထဲတွင် လမ်းဧရိယာနယ်မြေ တဖြည်းဖြည်းကျဥ်းလာပြီး ယာဥ်ကြောပစ်ဆို့မှုများ၊ ယာဥ်မတော်တဆ ဖြစ်မှုများ များပြားနေကြောင်း အသက် ၅၀ အရွယ် မြို့ခံတစ်ဦးက ပြောသည်။

“ဦးလေးတို့ ငယ်ငယ်တုန်းကဆိုရင် လမ်းကတော်တော်လေး ကျယ်တယ်။ အိမ်တွေ၊ ဆိုင်ခန်းတွေဆိုရင်လည်း လမ်းဧရိယာထဲမှာ သိပ်များများစားစားမရှိဘူး။ နောက်ပိုင်းတော့ စစ်ကောင်စီလက်ထက် စည်ပင်တွေ၊ မြေစာရင်းရုံးတွေက လာဘ်ယူပြီးတော့ လမ်းဧရိယာတွေမှာ စျေးဆိုင်တွေ၊ အိမ်တွေ ဆောက်ခွင့်ပြုလာတယ်။ ဆိုတော့ လမ်းက တဖြည်းဖြည်း ကျဥ်းလာတယ်။ တိုးချဲ့အိမ်တွေလည်း တဖြည်းဖြည်းများလာတယ်။ လမ်းကျဥ်းတော့ ယာဥ်ကြောပိတ်ဆို့မှုတွေ၊ ယာဥ်မတော်တဆတွေလည်း အဖြစ်များလာတယ်။ ခုလို လုပ်တာမျိုးကိုလည်း မြို့ခံတစ်ယောက်အနေနဲ့ ဦးလေးကတော့ ကြိုဆိုပါတယ်” ဟု ဆိုသည်။

လမ်းဧရိယာအတွင်း ဝင်ပါနေသည့် စျေးဆိုင်၊ အိမ်၊ အဆောက်အဦးပိုင်ရှင်တို့မှာ ၎င်းမြေနေရာများကို စစ်ကောင်စီလက်ထက် မြေယာဆိုင်ရာအထောက်အထားများဖြင့် ဝယ်ယူကာ လက်ရှိအာရက္ခတပ်တော် အခွန်ဌာနထံ အခွန်ဆောင်ပြီး နေထိုင်ရောင်းချနေခြင်းသာ ဖြစ်ကြောင်း အသက် ၄၀အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

“ဒေါ်လေးတို့မှာ အရင်ကတည်းက မြေယာဆိုင်ရာ အထောက်အထားတွေနဲ့ ဝယ်ယူထားတဲ့ မြေကွက်တွေ ဖြစ်တယ်။ တရားမဝင် မြေကွက်တွေ မဟုတ်ပါဘူး။ အခွန်တွေဆိုရင်လည်း တပ်တော်ရဲ့ အခွန်ဌာနတွေမှာ ဆောင်ပြီးသား ဖြစ်တယ်” ဟု ဆိုသည်။

လက်ရှိတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက လမ်းဧရိယာနှင့် မကင်းလွတ်သည့် ဆိုင်ခန်း၊ အဆောက်အဦ ပိုင်ရှင်များကို လမ်းဧရိယာမှ ဖယ်ရှားပေးရန် အသိပေးစာကမ်းထားကြောင်း သိရသည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ကမ်းပေးသည့် လက်ကမ်းစာစောင်တွင်
(၁) စည်ပင်နယ်နိမိတ်မြေ၊ သာသနိကမြေ၊ ရှေ့ဟောင်းနယ်မြေ၊ အများပြည်သူများနှင့်သက်ဆိုင်သည့် မြေ၊ အစိုးရစီမံပိုင်ခွင့်ရှိသည့် မြေများတွင် မည်သည့်နေအိမ်၊ ဆိုင်ခန်း၊ အဆောက်အဦမှ ကျူးကျော်ဆောက်လုပ်ခွင့်မပြု။
(၂) လမ်းဧရိယာအတွင်း ဆိုင်းဘုတ်များ ကြော်ငြာထားခြင်း၊ ပစ္စည်းများစုပုံထားခြင်း၊ ခင်းကျင်းရောင်းချခြင်း၊ ယာဥ်ရပ်နားပြုပြင်ခြင်းများ မပြုလုပ်ရ။
(၃) ရေစီးမြောင်း၊ ပလက်ဖောင်းများကို ကျော်လွန်၍ အဆောက်အဦများဆောက်လုပ်ခြင်း၊ စျေးရောင်းချခြင်းများ မပြုရ။
(၄) မည်သည့်အဆောက်အဦးဖြစ်စေ၊ သက်ဆိုင်ရာမှ ခွင့်ပြုချက်မရှိဘဲ၊ အသစ်ဆောက်လုပ်ခွင့်၊ တိုးချဲ့ဆောက်လုပ်ခွင့် မပြုရ။
(၅) လမ်းပိတ်ဆို့မှုဖြစ်စေအောင် ယာဥ်များကို ရပ်နားထားခြင်း၊ ယာဥ်ပြုပြင်ခြင်းများ မပြုရ တို့ဖြစ်သည်။

အထက်ဖော်ပြပါ အကြောင်းအရာများအား လိုက်နာရန် ပျက်ကွက်ပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟုလည်း ပါရှိသည်ကို တွေ့ရသည်။

တစ်ဖက်တွင်လည်း ဖယ်ရှားပေးရမည့် မြေနေရာများအတွက် အစားထိုးမြေနေရာများ ပေးရန် လိုအပ်ကြောင်း စစ်ဘေးရှောင်တစ်ဦးက ဆိုသည်။

“ခုလိုကာလမျိုးမှာတော့ လူတိုင်းနီးပါး အခက်အခဲတွေနဲ့ပါပဲ။ ကျနော်တို့ စစ်ရှောင်တွေဆိုရင် ပိုဆိုးတာပေါ့ ။ တစ်ရက်လုပ်မှ တစ်ရက်စားရတဲ့ ဘဝ။ စစ်ရှောင်လာတုန်းက ပါလာတဲ့ငွေကလေးနဲ့ ရှိစုမဲ့စု ဆောက်ထားတဲ့ အိမ်တွေက လမ်းဧရိယာ၊ ရှေးဟောင်းဧရိယာထဲပါတယ်ဆိုရင်တော့ ဖြိုဖျက်ရမှာပေါ့။ ဆိုတော့ ကျနော်တို့က ဘယ်မှာ သွားနေရမှာလဲ။ တကယ်လို့ ဖြိုဖျက်ရရင်လည်း ကျနော်တို့အတွက် သီးသန့်နေရာတွေ ပေးစေချင်ပါတယ်” ဟု ပြောသည်။

ယင်းအပြင် မြောက်ဦး၊ ကျောက်တော်၊ မင်းပြားမြို့နယ်များတွင်လည်း အာရှလမ်းမကြီးတစ်လျှောက် လမ်းဘေး ဝဲ၊ ယာ တွင်ရှိသည့် ကျေးရွာတချို့မှာ လမ်းဧရိယာ နယ်နိမိတ်ကျော်လွန်ကာ ဆောက်လုပ်ထားသည့် ဆိုင်ခန်း၊ အယပ်တွဲနှင့် နေအိမ်အဆောက်အဦးများကိုလည်း ဖယ်ရှားသွားမည်ဖြစ်ကြောင်း သိရသည်။

Mrauk_U #ULA #APRG #Arakan

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ