AB News – ဇန်နဝါရီ ၂၅၊ ၂၀၂၆
မာလာဝင်း
ရက္ခိုင်ပြည်၊ မြောက်ဦးမြို့တွင်း မြောက်ဦးခေတ် ရက္ခိုင်ဘုရင်လက်ထက်က သုံးစွဲခဲ့သည့် ရှေးဟောင်း ရတနာပစ္စည်းအချို့နှင့် ငွေဒင်္ဂါး ၁၅၀ကျော် တွေ့ရှိခဲ့ကြောင်း သိရှိရသည်။
ဇန်နဝါရီလ ၂၄ ရက်နေ့၊ ညနေ ၅ နာရီအချိန်ခန့်တွင် ကလေးငယ်များ ဘောလုံးကစားနေရာမှ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အချင်း ၁ လက်မခန့်ရှိသော ကျောက်စိမ်း ၁ တုံး၊ ရွှေပုရပိုက် ၁ ခု၊ ရွှေလက်စွပ် ၃ ကွင်း၊ ရွှေအပိုင်းအစ ငယ်များနှင့် ရက္ခိုင်ဘုရင်များအနက် စန္ဒသုဓမ္မရာဇာနှင့် နရပတိကြီး နာမည်ပါ ငွေဒင်္ဂါး ၁၅၀ ကျော်တို့ပါဝင်ကြောင်း တွေ့ရှိရသည်။
တွေ့ရှိခဲ့သည့် ဒင်္ဂါးပြားများမှာ ငွေသားအစစ်ဖြစ်ပြီး တတိယ မြောက်ဦးခေတ် ရခိုင်သက္ကရာဇ် (၁၀၃၄) ရွှေနန်းသခင် စန္ဒသုဓမ္မရာဇာ လက်ထက်က သုံးစွဲခဲ့သည့် ဒင်္ဂါးများနှင့် သက္ကရာဇ် (၁၀၀၀) ဆင်ဖြူသခင်၊ ဆင်နီသခင် နရပတိကြီး လက်ထက် သုံးစွဲခဲ့သည့် ငွေသားအစစ် ဒင်္ဂါးများဖြစ်ကြောင်း သိရှိရသည်။
ပစ္စည်းများကို တွေ့ရှိသူ ၂ ဦးမှာ မောင်ဖြိုးမြတ်ဦး ၇ တန်းနှင့် မောင်စိုးအောင်မင်း ၅ တန်းကျောင်းသားများ ဖြစ်ကြသည်။
“ကျွန်တော်တို့ ညနေ ၅ နာရီလောက်မှာ ဘောလုံးကစားနေရင်း ခြေချော်လို့ ကြည့်လိုက်တဲအခါ ဒင်္ဂါးပြား တစ်ပြား၊နှစ်ပြား တွေ့ရှိခဲ့တယ်။ နည်းနည်းတူးကြည့်တော့ အကုန်လုံး ထွက်လာတာပါ၊ ကျွန်တော်တို့ နှစ်နေရာလောက် တူးကြည့်ပြီးတော့ ရလာတာပါ။ လူကြီးတွေကို သွားမေးကြည့်တော့ အုပ်ချုပ်ရေးမှူးဆီကို အပ်ရမယ်ဆိုပြီး ခေါ်သွားကြပါတယ်။ ခုတော့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ပို့လိုက်ပါပြီလို့ ကြားပါတယ်”ဟု ပစ္စည်းတွေ့ရှိသူ မောင်ဖြိုးမြတ်ဦးမှ AB News သို့ပြောသည်။
လတ်တလောတွင် ၎င်းရှေးဟောင်းပစ္စည်းများ တူးဖော်ရရှိသည့် နေရာ၌ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ၏ DLEPS တပ်ဖွဲ့ဝင်များမှ လုံခြုံရေးယူ၍ စောင့်ကြပ်ပေးထားကြောင်း သိရှိရသည်။






