
AB News – ဒီဇင်ဘာ ၁၈၊ ၂၀၂၅
ဆုပြည့်ဖြိုး
ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးကို အကြမ်းဖက် စစ်ကော်မရှင်မှ လေကြောင်းဖြင့် ပေါင် ၅၀၀ အလေးချိန်ရှိ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့မှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိခဲ့သူများနှင့် ဆေးရုံအတွင်း ပျက်စီးဆုံးရှုံးသွားသည့် ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ ကိရိယာများ ပြန်လည်ဝယ်ယူနိုင်ရေးအတွက် ဝေဟင်အောင် ပရဟိတအဖွဲ့မှ ကျပ်သိန်း ၄၀၀၀ ကျော် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထောက်ပံ့မှုအတွင်း သေဆုံးသူများနှင့် ဒဏ်ရာရရှိသူ မိသားစုများအတွက် အလှူငွေ ကျပ်သိန်း ၁,၁၀၀ ကို ခွဲဝေပေးအပ်ခဲ့ပြီး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးရုံအတွင်း ပျက်စီးသွားသည့် ဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာ ကိရိယာများကို ပြန်လည်ဝယ်ယူရန်အတွက် ကျပ်သိန်း ၃,၀၀၀ ကို ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအလှူဒါနများကို ပြည်တွင်း၊ ပြည်ပမှ စေတနာရှင် ၇ ရက်သားသမီးများ၏ ပူးပေါင်းကူညီမှုဖြင့် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပြီး၊ ဦးဝေဟင်အောင်က အလှူရှင်အားလုံးအား အထူးကျေးဇူးတင် ဝမ်းမြောက်ကြောင်းနှင့် သာဓုခေါ်ဆိုကြောင်းလည်း ပြောကြားထားသည်။
ထို့အပြင် ဒီဇင်ဘာ ၁၂ ရက်နေ့တွင်လည်း ဝေဟင်အောင် ပရဟိတအဖွဲ့မှ မြောက်ဦးပြည်သူ့ဆေးရုံကြီး လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံး၊ ဒဏ်ရာရ မိသားစုများအတွက် ကျပ်သိန်း ၁၆၀ ထောက်ပံ့ခဲ့ပြီး၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အဖွဲ့ဝင်များအတွက်လည်း ကျပ်သိန်း ၂၀ ကို ထပ်မံကူညီပေးခဲ့ကြောင်း သိရသည်။
မြောက်ဦးပြည်သူ့ဆေးရုံကြီးကို အကြမ်းဖက် စစ်ကော်မရှင်က ဂျက်တိုက်လေယာဥ်ဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့ ညတွင် ပေါင် ၅၀၀ အလေးချိန်ရှိ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ လူနာ၊ ဆေးဖက်ဆိုင်ရာ ဝန်ထမ်းနှင့် လူနာစောင့် ၃၃ ဦးသေဆုံးခဲ့ရပြီး ၈၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဓာတ်ပုံ-ဝေဟင်အောင် FB