ဘာသာပြန် – ကျော်ဇံ
ဒီဇင်ဘာ ၁၅၊ ၂၀၂၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဒုက္ခသည်စခန်းများတွင် အကြမ်းဖက်အုပ်စုများ မှိုလိုပေါက်နေသည်ကို သည်းညဥ်းခံ မျက်ကွယ်ပြုကာ လျစ်လျူရှုထားသည်ဟု အာရက္ခတပ်တော်က စွပ်စွဲထားသည်။
လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေကြသည့် အာရက္ခတပ်တော်သည် လက်ရှိတွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်သိမ်းပိုက်ပြီး အာရက္ခဒေသတစ်ခုလုံးနီးပါးကို ထိန်းချုပ်ထားပြီးဖြစ်သည်။ သို့ရာတွင် ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျောက်တွင် အကြမ်းဖက်လုပ်ရပ်များကို ဂျီဟတ်အုပ်စုများက လုပ်ဆောင်နေကြသည်ဟု စွပ်စွဲထားသည့်အပြင် စစ်ကောင်စီနှင့် ဤဂျီဟတ် အကြမ်းဖက်အဖွဲ့တစ်ချို့ကြား ဆက်နွယ်မှုရှိသည်ဟု အခိုင်အမာဆိုသည်။
“ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့ (RSO)၊ ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA)၊ အာရကန်ရိုဟင်ဂျာတပ်မတော် (ARA) တို့အပါအဝင် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတွေမှာ လှုပ်ရှားနေကြတဲ့ စစ်သွေးကြွအဖွဲ့ (၁၁) ဖွဲ့လောက်ရှိတယ်၊ လူသတ်တာတွေ၊ မုဒိန်းကျင့်တာတွေ၊ ပြန်ပေးဆွဲတာတွေ နဲ့ တခြား နှိပ်စက်မှုတွေလို ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် လူရာနဲ့ချီပြီးတော့ သေခဲ့ရပြီးပြီ” ဟု အာရက္ခဒေသ သတင်းရင်းမြစ်တစ်ခုက ဆိုသည်။
အစွန်းရောက် အကြမ်းဖက်တို့ကြောင့် ဒုက္ခအရောက်ရဆုံးနှင့် အထိခိုက်ဆုံးမြို့များမှာ မောင်တောနှင့် ဘူးသီးတောင်မြို့တို့ ဖြစ်ကြသည်။ RSO အဖွဲ့မှာ အယ်လ်ကိုင်ဒါ နှင့် ဂျမာတေး အစ္စလာမ် အကြမ်းဖက်အဖွဲ့များနှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲခံထားရသည်။ Global Arakan Network (GAN) အဖွဲ့ကထုတ်ပြန်သည့် အစီရင်ခံစာတစ်ခုတွင် မောင်တောဒေသရှိ မူဆလင်များကို အစွန်းရောက်အဖွဲ့များက လူသားဒိုင်းကာအဖြစ်အသုံးချကာ မူဆလင်မဟုတ်သူများ (ဟိန္ဒူ နှင့် ဗုဒ္ဓဘာသာဝင်များ) ကို တိုက်ခိုက်ရန် ဖိအားပေးသည်ဟု ဆိုထားသည်။
အစွန်းရောက် စစ်သွေးကြွအုပ်စုမျာသည် ဘင်္ဂလားဒေ့ရှ်ရှိ မူဆလင် ဒုက္ခသည်စခန်းများမှ (အသက် ၆ နှစ်ခန့်အရွယ်အပါအဝင်) မိဘမဲ့ကလေးငယ်များကို စုဆောင်းပြီး ဆယ်ကျော်သက်အရွယ်ရောက်လာသည့်အခါ တိုက်ခိုက်ရန် သင်တန်းပေးထားသည်ဟု ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
အာရက္ခတပ်တော်မှလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဒုက္ခသည်စခန်းများရှိ အကြမ်းဖက်အုပ်စုများ အုံနှင့်ကျင်းနှင့် ပေါ်လာခြင်းကို သည်းညဥ်းခံကာ လျစ်လျူရှုထားသည်ဟု စွပ်စွဲထားသည်။
မူဆလင်လက်နက်ကိုင်များအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ တိုက်ရိုက် နှင့် တဆင့်ခံ အကူအညီများကြောင့် စစ်သွေးကြွအုပ်စုများ ဇောင်းထလာခြင်းကို အထောက်အကူပြုနေပြီး အစွန်းမရောက်၊ အကြမ်းမဖက်သည့် မူဆလင်ခေါင်းဆောင်မှုကို ထိခိုက်စေသည်” ဟု သတင်းရင်းမြစ်က ဆိုသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ နိုင်ငံရေးမတည်ငြိမ်မှုများ ရှိလာသည့်အချိန်တွင် အာရက္ခဒေသတွင် ဒေသခံလူထုကို ပစ်မှတ်ထားတိုက်ခိုက်သည့် အစွန်းရောက်အုပ်စုများ သိသိသာသာတိုးပွားလာခြင်းများရှိနေပြီး ဘင်္ဂလားဒေ့ရှ်ကြား
ဖြတ်အစိုးရအဖွဲ့အနေဖြင့် အကြမ်းဖက်အုပ်စုများကို အကူအညီများပေးနေသည်ဆိုသော စွပ်စွဲချက်များလည်း ရှိလာခဲ့သည်။ အာရက္ခဒေသမှာ ဘင်္ဂလားဒေ့ရှ်နှင့် ကီလိုမီတာ ၂၇၀ အထိ နယ်စပ်ချင်းထိစပ်နေသည့် ဒေသဖြစ်သည်။
“ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ မူဆလင် ၁ သန်းကျော်ကို မြန်မာနိုင်ငံဆီ ကူညီပို့ဆောင်သွားမယ် လို့ ဆိုပေမယ့် ဒီအစွန်းရောက် အုပ်စုတွေအတွက် လူသစ်စုဆောင်းတာတွေမှာ ဘင်္ဂလားဒေ့ရှ် လုံခြုံရေး အေဂျင်စီတွေပါဝင်ပတ်သတ်နေတာကို ကျွန်တော်တို့ သိရှိထားပါတယ်” ဟု သတင်းရင်းမြစ်တစ်ခုက ဆိုထားပြီး ဒုက္ခသည်များကို လက်ခံမည်မဟုတ်ဟု ဆိုထားသည်။
အကြမ်းဖက်အဖွဲ့တစ်ချို့မှာ သူတို့အဖွဲ့နှင့်သူတို့ တိုက်ခိုက်ကြသော်လည်း တခြားအဖွဲ့များမှာ စစ်ကောင်စီနှင့် ပူးပေါင်းခြင်းများရှိသည်ဟု ဆိုသည်။ လက်ရှိ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ဒေသခံများမှာ အကြောက်တရားဖြင့် နေထိုင်နေကြရပြီး နယ်စပ်ဒေသအခြေအနေမှာ အကြမ်းဖက်အဖွဲ့များပိုမို စိမ့်ဝင်ရောက်နိုင်သဖြင့် လက်ရှိအခြေအနေကို ပိုမိုဆိုးရွားသွားစေသည်။
The Indian Express News သတင်းပါ Yeshi Seli ရေးသားသည့် Jihadi groups carrying out atrocities against Buddhists, Hindus on Myanmar-Bangladesh border: Arakan Army ဆောင်းပါးကို ဘာသာပြန်ဆိုသည်။