
AB News – နိုဝင်ဘာ ၂၄၊ ၂၀၂၅
ချန်ဒြာ
မြန်မာနယ်ခြားစောင့်တပ်မှ တပ်သား ၄ ဦးနှင့် စကမ စစ်သားတစ်ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း နိုဝင်ဘာလ ၂၃ ရက်နေ့၊ နေ့လည် ၁၂ နာရီအချိန်ခန့်တွင် ဖမ်းဆီးရရှိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ (BGB) အမှတ် ၃၄ မှ ဗိုလ်မှူးကြီး SM Khairul Alam က ပြောဆိုသည်။
ဖမ်းဆီးခံရသူများမှာ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် မိုးမောက်မြို့နယ် မှ အသက် (၃၅) နှစ်အရွယ် ကိုကိုစိန်၊ ဧရာဝတီတိုင်း ပန်းတနော်မြို့နေ မြန်မာနယ်ခြားစောင့်တပ်မှ ဒု-စစ်ဆေးရေးအရာရှိ အသက် ၃၈ နှစ်အရွယ် စိုးသူရ၊ ဧရာဝတီတိုင်း မဂုတ်လမြို့နယ်မှ နယ်ခြားစောင့်တပ်ဖွဲ့ဝင် အသက် ၂၅ နှစ်အရွယ် အောင်ဆန်းထူး၊ အသက် ၃၂ နှစ်အရွယ် ကိုဇေယျာလင်းနှင့် ရန်ကုန်တိုင်းမှ အသက် ၄၁ နှစ်အရွယ် မင်းမင်းဦးတို့ဖြစ်ကြောင်း သိရသည်။
၎င်းတို့ ၅ ဦးသညိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘင်ဒရိုဘင် (ရွာတော်) ခရိုင်၊ နတ်ချောင်းဆရီမြိုနယ်၊ ခေါင်းတုံးနယ်မြေတွင် လမ်းပျောက်ကာ သွားလာနေကြသည်ကို ဒေသခံများက မြင်တွေ့ခဲ့ပြီး တိုင်ကြားခဲ့သည့်တွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ် (BGB) မှ လားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ၎င်းတို့အား BGB မှ စစ်ဆေးမေးမြန်းရာ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် စခန်းမှ ထွက်ပြေးလာကြသူများဖြစ်ကြောင်းနှင့် နယ်စပ်မှတ်တိုင် ၄၂ မှ တစ်ကီလိုမီတာခွဲခန့်အကွာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလုံခွင့်တောင်းခံခဲ့ကြောင်း အင်္ဂလိပ်စကားဖြင့် ပြောပြခဲ့ကြသည်ဟု နယ်ခြားစောင့်တပ် BGB က ပြောဆိုသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဖမ်းဆီးခံရသည့် မြန်မာနယ်ခြားစောင့်တပ်မှ တပ်သား ၄ ဦးနှင့် စစ်ကော်မရှင်တပ်သား တစ်ဦးတို့မှာ မောင်တောမြို့နယ်ရှိ ၎င်းတို့၏ တပ်စခန်းကို အာရက္ခတပ်တော် ထိုးစစ်ဆင်ချိန်တွင် ထွက်ပြေးခဲ့ခြင်း သို့မဟုတ် အာရက္ခတပ်တော်၏ သုံ့ပန်းထိန်းသိမ်းစခန်းမှ ထွက်ပြေးလွတ်မြောက်ခြင်းလားဆိုသည်ကိုကား အသေးစိပ် မသိရှိရသေးပေ။