Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့ရှိ WFP ဂိုဒေါင်ကို အကြမ်းဖက်စစ်ကောင်စီက ဖောက်ထွင်း၍ ပစ္စည်းများကိုယူကာ မီးရှို့ဖျက်ဆီး

AB News-ဇွန် ၂၂၊ ၂၀၂၄

မောင်တောမြို့ ရှိ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) ရုံးခွဲဂိုဒေါင်ကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့က ဖောက်ထွင်းကာ ဂိုဒေါင်ရှိ စားနပ်ရိက္ခာများအား ယူသွားပြီး ဂိုဒေါင်ကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသခံ သတင်းရင်းမြစ်များက AB News သို့ပြောသည်။

မောင်တောမြို့ သုံးမိုင် သာစည်ရှိ WFP ပစ္စည်းသိုလှောင်ထားသည့် ဂိုဒေါင်အား အကြမ်းဖက် စစ်ကောင်စီက ဖောက်ထွင်းကာ ပစ္စည်းများ အားလုံးကို သယ်ယူပြီး အဆောင်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် သတင်းရင်းမြစ်များက ပြောသည်။

“မနေ့ကပါ၊ စစ်ကောင်စီက WFP ဂိုဒေါင်းကို ဖောက်ပြီး ဂိုဒေါင်မှာရှိတဲ့ ရိက္ခာတွေ အားလုံးကို ယူတယ်။ ယူလို့ပြီးတာနဲ့ မီးရှို့ထားခဲ့ကြပါတယ်။” ဟု ပြောသည်။

ထိုသို့ WFP ဂိုဒေါင်အား ဖောက်ထွင်းပြီး ပစ္စည်းများကိုယူကာ မီးရှို့ရာတွင် စစ်ကောင်စီအဖွဲ့များနှင့်အတူ စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် စစ်သွေးကြွ ဘင်္ဂလီမူဆလင်များလည်း ပါကြောင်း သိရသည်။

နိုင်ငံတကာမှ အကူအညီလိုအပ်နေသူများအား ကူညီထောက်ပံ့ရန် စုဆောင်းထားသည့် WFP ၏ ဂိုဒေါင်ကို ကိုယ်ကျိုးအတွက် ဖောက်ထွင်းပြီး ဂိုဒေါင်းကိုပါ မီးရှို့ဖျက်ခြင်းမျိုး မလုပ်သင့်ကြောင်း ရက္ခိုင့်နိုင်ငံရေးစောင့်ကြည့်သူက AB News သို့သူ့အအမြင်ကို ပြောသည်။

“မောင်တောဆိုတာ လက်ရှိမှာ စစ်ရေးပြင်းထန်နေတဲ့ မြို့၊ ဒီမြို့က အရောင်အသွေးလည်းစုံတယ်။ ပစ္စည်းပြတ်လာရင် ဒီလို WFP မှာရှိတဲ့ ရိက္ခာတွေကိုပဲ အားကိုးရမှာ၊ အဲဒါကို စစ်ကောင်စီက သိသိရက်နဲ့ ပြည်သူတွေ ဒုက္ခရောက်အောင်လို့ တမင်ဖန်တီးလိုက်တာဖြစ်တယ်လို့ပဲ သုံးသပ်ချင်ပါတယ်။ ပြီးရင် ဒီလိုအပြုအမူမျိုးက နိူင်ငံတော်အစိုးရလို့ နာမည်ခံထားတဲ့ အဖွဲ့အနေနဲ့ ပိုတောင် မလုပ်သင့်ပါဘူး” ဟုဆိုသည်။

ထို့အပြင် ဘူးသီးတောင်မြို့ထဲရှိ WFP ၏ ဂိုဒေါင်နှင့် MSF ၏ ဆေးဂိုဒေါင်များကိုလည်း ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့တွင် စစ်ကောင်စီအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သည်။

စစ်ကောင်စီသည် ရက္ခိုင်ပြည်သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ မရရှိနိုင်ရန် နည်းမျိုးစုံဖြင့် ဟန့်တားခဲ့သည့်အပြင် ပဋိပက္ခဖြစ်ပွားနေသည့် ကာလအတွင်း ဒေသခံများအတွက် အဓိကလိုအပ်သည့် ဆေးဝါးများနှင့် စားနပ်ရိက္ခာများရှိသည့် UN ရုံးများကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ကာ စစ်ရာဇတ်ဝတ်မှုများကို ကျူးလွန်လျက်ရှိသည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ