သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့နယ်တွင် အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ ကာကွယ်ဆေးများ အခမဲ့ ထိုးနှံတိုက်ကျွေး

AB News – ဒီဇင်ဘာ ၁၅၊ ၂၀၂၅
နွယ်စိုး

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်အတွင်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ မြေပြင် ကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်ကာ ကလေးငယ်များကို ကာကွယ်ဆေးများ အခမဲ့ ထိုးနှံတိုက်ကျွေးပေးနေသည်ကို Arakan Bay News က တွေ့ရှိရသည်။

မောင်တောမြို့နယ်ရှိ ကလေးငယ်များအား အာရက္ခပြည်သူ့ ကျန်းမာရေးဌာနက အသက် (၂) လအရွယ်မှ (၅) နှစ်အရွယ်အထိ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေး ထိုးပေးရာတွင် ပိုလီယိုရောဂါကာကွယ်ဆေး၊ အသည်းရောင်အသားဝါကာကွယ်ဆေး၊ ရေကျောက်ရောဂါကာကွယ်ဆေး၊ ဦးနှောက်အမြှေးရောင်ကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးနှင့် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ကာကွယ်ဆေးများကို လအလိုက်၊ နှစ်အလိုက် စနစ်တကျ ထိုးနှံ ၊ တိုက်ကျွေးပေးနေသည်ကို တွေ့ရှိရသည်။

ကလေးမိခင်တစ်ဦးက” အခုလို ကာကွယ်ဆေးတွေထိုးနှံပေးနေတာ အရမ်းကောင်းပါတယ်၊၊ကျမတို့ စစ်ဘေးရှောင်တွေမှာဆိုရင် ကာကွယ်ဆေးမပြောနဲ့ ထမင်းတနပ်စားဖို့တောင် တစ်ရက်လုံး ရှာဖွေရတယ်၊၊ ကလေးတွေမှာ အဟာချို့တဲ့မှု ဒဏ်ကို ခံနေရတာတွေလည်း ရှိတယ်၊၊ အဲဒီကြားက နေမကောင်းဖြစ်ရင် ဆေးခန်းပြဖို့ ပိုက်ဆံလည်း မရှိဘူး၊၊ဘယ်ရောဂါတွေ ဖြစ်နေလဲ ဆိုတာလည်း မသိရဘူး၊၊ အခုကြိုတင် ကာကွယ်ဆေးထိုးနှံပေးတော့ ကလေးတွေ ကျန်းမာရေးအတွက် စိတ်ချရတာပေါ့”ဟု ဆိုသည်။

ယခုလို အာရက္ခပြည်သူ့ ကျန်းမာရေးဌာနမှ ကလေးသူငယ်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးနေခြင်းကြောင့် ဆေးကုသရေးအတွက် အခကြေးငွေ မလုံလောက်သည့် စစ်ဘေးရှောင်များနှင့် ဒေသခံများအတွက် ကျန်းမာရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ လျော့နည်းသွားကြောင်း ဒေသခံများက ဆိုကြသည်။

အာရက္ခပြည်သူ့ ကျန်းမာရေးဌာနအနေဖြင့် ရက္ခိုင်ပြည်အတွင်း လွတ်မြောက်နယ်မြေများရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးပေးလျက်ရှိကြောင်းလည်း ဒေသခံများက ဆိုသည်။

အာရက္ခတပ်တော် (AA) သည် ရက္ခိုင်ပြည်အတွင်း မြို့နယ် (၁၄) ခုအထိ သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေး လုပ်ငန်းများအပြင် ဒေသအတွင်း ပြန်လည် တည်ဆောက်ရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ