
AB News – ဒီဇင်ဘာ ၅ ၊ ၂၀၂၄
ရက္ခိုင်ပြည်၊ မောင်တောမြို့နယ် ၊ အောင်ဇေယျကျေးရွာအနီးတွင် အကြမ်းဖက် ARSA အဖွဲ့၏ ခြုံခိုပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း AB News က စုံစမ်းသိရှိရသည်။
အကြမ်းဖက် ARSA အဖွဲ့၏ ခြုံခိုပစ်ခတ်တိုက်ခိုက်မှုကြောင့်သေဆုံးသွားသူမှာ အောင်ဇေယျကျေးရွာမှ အသက် ၅၇ နှစ်အရွယ် ဦးကျော်သာအောင်ဖြစ်ကြောင်း သိရှိရသည်။
ယမန်နေ့ ၊ ဒီဇင်ဘာလ ၄ ရက်နေ့ ၊ ညနေ ၄ နာရီခွဲအချိန်ခန့်၌ ရွာ၏တောင်ဖက် ၅ ဖာလုံအကွာတွင် နွားရှာရန်သွားစဥ် ARSA အကြမ်းဖက်အဖွဲ့၏ ခြုံခိုပစ်ခတ်တိုက်ခံရ၍ နေရာ၌ ပွဲချင်းပြီးသေဆုံးသွားခဲ့ရကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။
“ညနေပိုင်းအချိန်လောက်မှာ သူက နွားရှာဖို့သွားတာ ။ ARSA အဖွဲ့ကပစ်ခတ်လို့ သေဆုံးသွားခဲ့ရတာပါ ။ အခုက ဘယ်မှမသွားရဲတေ့ာဘူး။ သူတို့အဖွဲ့က နေရာတိုင်းလိုလိုလှုပ်ရှားနေတာ ။ ညဘက်ဆိုလည်း ကောင်းကောင်းမအိပ်ဝံ့ကြဘူး ။ ARSA အဖွဲ့တွေ ရွာထဲဝင်လာပြီးပစ်သတ်မလား။ ပြီးတေ့ာ ဂျက်တိုက်လေယာဥ် ကလည်း နေ့တိုင်းလိုလိုလာနေတယ်” ဟုဆိုသည်။
၎င်းသည် အကြမ်းဖက် ARSA အဖွဲ့၏ လက်နက်ငယ်ကျည်ဖြင့် ခြုံခိုတိုက်ခိုက်ခဲ့သည့်အတွက် လက်နက်ငယ်ကျည်သည် ဘယ်ဘက်ဘေးမှဝင်သွားပြီး ညာဘက်ဘေးမှ ဖောက်ထွက်ဒဏ်ရာဖြင့် နေရာ၌ ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်နေ့၊ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်တွင် အမျိုးသား ၄ ဦး အမျိုးသမီး ၃ ဦးတို့သည် တေဘာကားဖြင့် တောင်ပြိုမြို့မှ စျေးဝယ်၍ အပြန် တောင်ပြို-မီးတိုက်ရွာကြား ကားလမ်းမ၌ အကြမ်းဖက် ARSA အဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ၂ ဦးသေဆုံးပြီး ၊ ၃ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်မှ မောင်တောမြို့နယ် ကြိမ်ချောင်းရွာသို့ ဈေးဝယ်ရန်လာသည့် လူ ၇ ဦးပါသည့် တေဘာကား တစ်စီးအား ARSA အကြမ်းဖက်အဖွဲ့က ရွှေတောင်ကျေးရွာနှင့် ကျီးကန်ပြင်တောင်ရွာကြားတွင် ခြုံခို ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ကျောင်းဆရာမ ၁ ဦးအပါအဝင် ၅ ဦးသေဆုံးသွားပြီး ၂ ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
အရပ်သားပြည်သူများအား အကြမ်းဖက် ပစ်ခတ် တိက်ခိုက်ခဲ့သည့် ARSA အကြမ်းဖက်အဖွဲ့အား သက်ဆိုင်ရာ အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေရှင်းလင်းလျက်ရှိကြောင်း သိရှိရသည်။