Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောနယ် သရီကုန်ဘောင်ရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ကျေးလက်ဆေးခန်းနှင့် လူနေအိမ်များကို ဗုံးကြဲတိုက်ခိုက်၊ သက်ကြီးပိုင်း တစ်ဦး ဒဏ်ရာရ
စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပစ်ခတ်၍ မောင်တောမြို့နယ်၊ သရီကုန်ဘောင်ရွာမှ ဒဏ်ရာရရှိသွားသည့် ဦးညိုမောင်အား တွေ့ရစဥ်။

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ် သရီကုန်ဘောင်းကျေးရွာကို အကြမ်းဖက် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကြဲချကာ ကျေးလက်ဆေးခန်းနှင့် နေအိမ်များကို တိုက်ခိုက်ဖျက်ဆီးခဲ့သည်။

ထို့ကြောင့် မောင်တောမြို့နယ် သရီကုန်ဘောင်ရွာမှ အဖ ဦးမောင်ရီ၏သား အသက် ၇၉ နှစ်အရွယ် ဦးညိုမောင် ဒဏ်ရာရရှိသွားပြီး ကျေးလက်ကျန်းမာရေးဆေးပေးခန်းနှင့် နေအိမ် ၅ လုံး လုံးဝ ပျက်စီးသွားကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ၏ ဂျက်ဖိုက်တာ ၁ စီးသည် ယနေ့ မေလ ၁၉ ရက်၊ နံနက် ၁၀ နာရီတွင် ၎င်းရွာသို့လာရောက်ပြီး ဗုံး ၂ လုံးကြဲချခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“၁၀ နာရီလောက်မှာပါ။ ကျမတို့လည်း ဟင်းဝယ်ဖို့သွားတာ။ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံးကြဲသွားတယ်။ ဆေးခန်းမှာ ၁ လုံးကျလို့ အကုန်လုံးပျက်စီးသွားတယ်။ နောက်ထပ် ၁ လုံးက ရွာမှာ ကျရောက်ပေါက်ကွဲသွားတယ်၊၊ အိမ်တွေပျက်စီးသွားတယ်” ဟု ဆိုသည်။

အသက် ၇၉နှစ်အရွယ် ဦးညိုမောင်၏ ညာဖက်ကျောကုန်းနှင့် လက်မောင်းအောက်တွင် လက်နက်ကျည်စထိမှန်သွားခဲ့ရာ အရေးပေါ်ဆေးကုသမှု ခံယူရန် လိုအပ်သော်လည်း ဆေးဝါးမရှိ၍ အခက်တွေ့နေရကြောင်း သိရသည်။

ဗုံးကြဲတိုက်ခိုက်ခံရ၍ ထိခိုက်ပျက်စီးခဲ့သည့် နေအိမ် ပိုင်ရှင်များမှာ ဦးအောင်ထွန်းသာ၊ ဦးလှအောင်စံ၊ ဦးညိုမောင်၊ ဦးဇော်ခိုင် နှင့် ဦးမောင်အေးတို့ဖြစ်သည်။

မောင်တောမြို့နယ်ရှိ ကင်းချောင်းရွာကိုလည်း ပြီးခဲ့သည့် မေလ ၁၄ရက်၊ နံနက်အစောပိုင်းတွင် စစ်ကောင်စီအဖွဲ့က Jet Fighter ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ရွာသား ၄ ဦး သေဆုံးခဲ့ပြီး ၅ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက် ည ၉ နာရီခန့် ရက္ခိုင်ပြည်၊ သံတွဲ မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် သားမိ သားဖ ၃ ဦးအပါဝင် ၉ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရသွားခဲ့ကြောင်း သိရသည်။

ထို့အပြင် ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့်ဆေးရုံအား အကြမ်းဖက် ဖက်ဆစ် စစ်ရှုံးစစ်ကောင်စီ၏ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်အတွင်း ဆေးရုံတစ်ခုလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ရပြီး ဆေးဝန်ထမ်း၊ လူနာ နှင့် လူနာစောင့် အရပ်သားပြည်သူ စုစုပေါင်း ၂၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူအချို့ရှိကြောင်း အာရက္ခတပ်တော်(AA) က မေလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် အာရက္ခတပ်တော်အနေဖြင့်လည်း စစ်ကောင်စီ၏ ယခုကဲ့သို့သောလုပ်ရပ်များနှင့် ယခင်ကျူးလွန်ထားခဲ့သော မှတ်တမ်းများကို နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးပို့သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ