သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောနယ်၊ ဝေသာလီရွာကို အကြမ်းဖက် စစ်ကောင်စီအဖွဲ့နှင့် စစ်သွေးကြွ ဘင်္ဂလီများ ဝင်ရောက် မီးရှို့၊ သက်လတ်ပိုင်း အမျိုးသမီး တစ်ဦး ပစ်ခတ် သတ်ဖြတ်ခံရ

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ ဝေသာလီကျေးရွာကို ယနေ့ နံနက်ပိုင်းအချိန်တွင် စစ်ကောင်စီအဖွဲ့နှင့် စစ်သွေးကြွ ဘင်္ဂလီများက ဝင်ရောက်ကာ လူနေအိမ် ၁၀ ကျော်ထက်မနည်း မီးရှိုဖျက်ဆီးခဲ့ကြောင်း ရွာသူ ရွာသားများက ဆိုသည်။

ယနေ့ နံနက်ပိုင်း ၁ နာရီ ၄၀ မိနစ်ခန့်အချိန်တွင် စစ်ကောင်စီအဖွဲ့သည် ကျေးရွာအတွင်းသို့ လက်နက်ကြီးများ တရစပ် ပစ်ခတ်ခဲ့ပြီးနောက် ရွာအတွင်း ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ပြီး အမျိုးသမီး တစ်ဦးကိုလည်း သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။

သေဆုံးခဲ့ရသည့် အမျိုးသမီးမှာ မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာမှ အသက် ၃၀ ကျော် အရွယ်ရှိ မမေကြီးမ ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများအပါအဝင် စစ်သွေးကြွ ဘင်္ဂလီ မူဆလင်များ ဝေသာလီကျေးရွာကို မီးရှို့ပြီး  အမျိုးသမီးကို ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း သေဆုံးခဲ့သူနှင့် ဆွေမျိုးတော်စပ်သူ တစ်ဦးက AB News သို့ ပြောဆိုသည်။

“ပထမတော့ စစ်တပ်က ရွာထဲကို လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တယ်။ ကျမတို့လည်း ကြောက်လန့်နေကြပါတယ်။ ဒီနေ့ မနက် ၁နာရီကျော်လောက်မှာ စစ်သားတွေနဲ့ ဘင်္ဂလီလက်နက်ကိုင်တွေ ရွာကို ဝင်ပြီး မီးရှို့တယ်။ ရွာသားတွေ အသက်လုပြီး ထွက်ပြေးရပါတယ်” ဟု ဆိုသည်။

သေဆုံးခဲ့သူ မမေကြီးမမှာ အကြမ်းဖက် စစ်ကောင်စီအဖွဲ့နှင့်အတူ စစ်သွေးကြွ ဘင်္ဂလီမူဆလင်များ ရွာထဲဝင်လာစဥ် ကလေး ၂ဦး၊ ခင်ပွန်းဖြစ်သူ အဝင်းချေနှင့်အတူ နေအိမ်ခြံစည်းရိုးအား ကျော်၍ ထွက်ပြေးနေစဉ် ကျောဖက်မှ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခြင်း ခံခဲ့ရသည်ဟု ဆိုသည်။

သူမ၏ ကလေး ၂ဦးအပါအဝင် ခင်ပွန်းဖြစ်သူမှာ အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ကျေးရွာအတွင်း စစ်ကောင်စီတပ်သားများနှင့် စစ်သွေးကြွ ဘင်္ဂလီ မူဆလင်များသည် ရိုင်းစိုင်းစွာ ဆဲဆိုပြီး နေအိမ်များအား မီးရှို့ခဲ့ကြကြောင်း ထွက်ပြေးလွတ်မြောက်လာသူ ရွာသား တစ်ဦးက ပြောသည်။  

“ဘင်္ဂလီစကား၊ ဗမာစကားတွေနဲ့ ဆဲဆိုသံတွေ ကြားခဲ့ရတယ်။ ရွာသားတွေ ထွက်ခိုင်းတယ်။ မင်းတို့ သတ္တိမရှိဘူးလား ငကြောက်တွေ ဟု ဆဲဆိုသံများ ကြားရတယ်” ဟု ဆိုသည်။

ဝေသာလီကျေးရွာမှာ ၃မိုင်-အငူမော်လမ်းတွင် တည်ရှိပြီး ၂၀၀၀ ခုနှစ်မှ စ၍ ရွာသစ်ချခဲ့သည့် နတလရွာများထဲမှ တစ်ရွာဖြစ်သည်။

အဆိုပါကျေးရွာတွင် လူနေအိမ် ၅၀ ထက်မနည်းရှိပြီး ရွာသားအများစုမှာ မောင်တောတွင် စစ်ရေးပြင်းထန်သည့်အချိန်တွင် ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ မေလ ၆ရက်နေ့ကလည်း မောင်တောမြို့နယ် ရွှေဗဟိုကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ဆိုကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ