AB News – နိုဝင်ဘာ ၂၁၊ ၂၀၂၅
နွယ်စိုး
ရက္ခိုင်ပြည်၊ မြောက်ပိုင်း မောင်တောမြို့နယ်တွင် ရက္ခိုင်နှင့် မူဆလင် နှစ်ဖက်အသိုင်းအဝိုင်းများအကြား သဟဇာတဖြစ်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ယုံကြည်မှု ဆက်ဆံရေးများမှာ သိသိသာသာ တိုးတက်ကောင်းမွန်လာသည်ကို AB News က ကွင်းဆင်း တွေ့ရှိရသည်။
လက်ရှိ အာရက္ခတပ်တော် (ULA/AA) အုပ်ချုပ်မှု လက်ထက်တွင် မောင်တောဒေသခံများ၏ လူမှုဆက်ဆံရေးသည် ယခင်ကာလများထက် ပိုမိုခိုင်မာပြီး အပြုသဘောဆောင်လာကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
ယခင် စကမ အုပ်ချုပ်မှုကာလအတွင်း ရက္ခိုင်ပြည်ရှိ မြို့နယ်အများအပြား၌ မူဆလင်အသိုင်းအဝိုင်းသည် လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့် တင်းကျပ်စွာ ပိတ်ပင်တားဆီးခံခဲ့ရသည်။
၂၀၁၂ ခုနှစ်နောက်ပိုင်းမှစတင်ကာ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနှင့် လူမှုဆက်ဆံရေးကဏ္ဍမျိုးစုံတွင် တန်းတူအခွင့်အရေးဆုံးရှုံးကာ ခွဲခြားဆက်ဆံမှုများနှင့် ကန့်သတ်မှုများ ကြုံတွေ့ခဲ့ရကြောင်း မူဆလင်အသိုင်းအဝိုင်းက ဆိုသည်။
ULA/AA က မြို့နယ်အများအပြားကို ထိန်းချုပ်ပြီးနောက် ၂၀၂၄ ခုနှစ်အစောပိုင်းမှစ၍ နှစ်ဖက်အသိုင်းအဝိုင်းကြား ဆက်ဆံရေး တိုးတက်မှုများ စတင်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
လက်ရှိတွင် မူဆလင်များသည် အများပြည်သူများ စုဝေးရာဖြစ်သည့် လက်ဖက်ရည်ဆိုင်များ၊ အအေးဆိုင်များ၊ ဈေးများတွင် တစ်ဦးချင်းဖြစ်စေ၊ အစုလိုက်ဖြစ်စေ မည်သည့် အပူအပင်မှ မရှိဘဲ လွတ်လပ်စွာ သွားလာနေထိုင်နေကြသည်။
မောင်တောမြို့ခံ မူဆလင်တစ်ဦးက
”အရင်တုန်းကဆိုရင် လက်ဖက်ရည်ဆိုင်မှာတောင် လွတ်လွတ်လပ်လပ် ထိုင်ဖို့၊ ဈေးကို ကြောက်ရွံ့မှုမရှိပဲ သွားဖို့ဆိုတာ မလွယ်ပါဘူး။ အခုချိန်မှာတော့ ဘယ်နေရာမဆို စိတ်ပူစရာမလိုပဲ သွားလာနိုင်တဲ့အပြင် ရက္ခိုင်အသိုင်းအဝိုင်းနဲ့ပါ စီးပွားရေးလုပ်ငန်းတွေကို ပူးပေါင်းလုပ်ကိုင်လာနိုင်ပါပြီ။ ကျနော်တို့ အရင်ကထက် အများကြီး ပိုပြီး လုံခြုံမှုရှိတယ်၊၊ တန်းတူညီမျှတယ်လို့ ခံစားရပါတယ်” ဟုဆိုသည်။
စီးပွားရေးကဏ္ဍတွင် ဈေးဝယ်ရောင်းချခြင်း၊ ငွေလွှဲငွေထုတ်လုပ်ငန်းများအပြင် အခြားစီးပွားရေးလုပ်ငန်းများကိုပါ ရက္ခိုင်နှင့် မူဆလင်များ အကျိုးတူပူးပေါင်း၍ ပွင့်လင်းစွာ လုပ်ဆောင်လာနေသည်ကို တွေ့ရှိရသည်။
ယခင် စကမလက်ထက်က လူမျိုးရေး၊ ဘာသာရေးအကြောင်းပြချက်များဖြင့် ပညာသင်ကြားခွင့် ပိတ်ပင်တားဆီးခံခဲ့ရသည့် မူဆလင် ကျောင်းသား၊ ကျောင်းသူများသည် ယခု ULA/AA အစိုးရလက်အောက်တွင် ရက္ခိုင်ကျောင်းသားများနှင့် အတူတကွ တန်းတူတန်းမျှ ပညာသင်ကြားခွင့်များ ပြန်လည်ရရှိနေသည်ကို တွေ့မြင်ရသည်။
ယခင်က စကမသည် ၎င်းတို့၏ အုပ်ချုပ်စဉ်ကာလအတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့တို့တွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခမီးများ မွှေးတောက်စေရန် ရည်ရွယ်၍ မူဆလင်အချို့အား စစ်သင်တန်းပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ရက္ခိုင်နှင့် ရက္ခိုင်မျိုးနွယ်စုများ၏ နေအိမ်များအား မီးရှို့ခြင်း၊ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကိုလည်း စကမက လုပ်ဆောင်ခဲ့ကြောင်း မူဆလင်အသိုင်းအဝိုင်းက ဆိုသည်။



