သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် စစ်ကောင်စီ၏ ဗျူဟာတစ်ခုနှင့် နယ်ခြားစောင့်ရဲတပ်ရင်း ၅ ခုသာ ကျန်ရှိ၊ အဆိုပါ ဗျူဟာ၊ တပ်ရင်းများကို အာရက္ခတပ်တော်က ဝိုင်းဝန်းပိတ်ဆို့ထား

ရက္ခိုင်-ဘင်္ဂလာနယ်စပ်ရှိ မောင်တောမြို့နယ်အတွင်း စစ်ကောင်စီ၏ ဗျူဟာတစ်ခုနှင့် နယ်ခြားစောင့်ရဲတပ်ရင်း ၅ ခုသာကျန်ရှိနေပြီး အဆိုပါစခန်းများကိုလည်း အာရက္ခတပ်တော်(AA)က ဝိုင်းဝန်းပိတ်ဆို့ထားသည်ကို တွေ့ရှိရသည်။

မောင်တောမြို့နယ်အတွင်း ကျန်ရှိနေသည့် စစ်ကောင်စီစခန်းများမှာ မောင်တောမြို့အနီးရှိ မြို့သူကြီး နခခ ၅ ရဲတပ်ရင်း၊ မောင်တော-ဘူးသီးတောင်ကားလမ်းအနီးတွင် အခြေချတပ်စွဲထားသည့် ၄မိုင် နခခ ၂၊ မောင်တောတောင်ပိုင်းမှ မောရဝတီဗျူဟာ၊ အလယ်သံကျော်စခန်း၊ အင်းဒင် နခခ ၆ နှင့် မြင်းလွှတ် နခခ ၉ တို့ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ထို့အ​ပြင် ကျောက်ပန်းန္ဒူစခန်း နှင့် အင်းဒင်စခန်းတို့မှ စစ်ကောင်စီတပ်သားများသည် တပ်ပူးပေါင်း၍ နေထိုင်သည့်အတွက် ၎င်းတို့ ထွက်ပြေးသွားခြင်း ရှိ/မရှိကို AB News က အတည်မပြုနိုင်သေးပေ။

ယခု မေလ အစောပိုင်းအချိန်က မောင်တောမြောက်ပိုင်းတွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီပူးပေါင်းတပ်တို့ တိုက်ပွဲများပြင်းထန်ခဲ့ပြီး မောင်တောမြောက်ပိုင်းတစ်ခုလုံးရှိ စစ်ကောင်စီ၏ တပ်စခန်းများကို အာရက္ခတပ် တော်မှ အပြီးပိုင် ထိန်းချုပ်လိုက်သည်ကို တွေ့ရှိရသည်။

မောင်တောဒေသရှိ အမှတ် ၁ နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့၏ လက်အောက်တွင် ဒေသ ၄ခု၊ နယ်မြေ ၁၁ ခု သတ်မှတ်ထားပြီး နယ်မြေရုံး ၁၁ရုံး၊ နယ်မြေရဲစခန်း ၁၂ခု၊ ကင်းစခန်း ၉၅ခု၊ ချောင်းဝကင်းစခန်း ၂၇ခု၊ နယ်စပ်ခြံစည်းရိုးကင်းစခန်း ၂၇ခုအပါအဝင် စုစုပေါင်း ၁၅၇ ခုအထိ ရှိခဲ့ပြီး အဆိုပါကင်းစခန်းများကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ၄ခုဖြင့် လှုပ်ရှားဆောင်ရွက်ခဲ့သည်။

ထိုလှုပ်ရှားမှုများကို ရက္ခိုင်နှင့် ဘင်္ဂလားဒေ့ရှ်တို့ နယ်နိမိတ်ထိစပ်လျက်ရှိသည့် ဘင်္ဂလားပင်လယ်အော် နတ်မြစ်ဝမှ မြောက်ဘက်မြစ်ဖျားအထိနှင့် ရက္ခိုင်-ဘင်္ဂလာ-အိန္ဒိယ တို့ဆုံမှတ်အထိ စုစုပေါင်းမိုင် ၂၀၀ နီးပါးတွင် ပြုလုပ်ခဲ့သည်။

သို့သော်လည်း မောင်တောမြောက်ပိုင်းတစ်ခုလုံးကို အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့ကာ ရက္ခိုင်-ဘင်္ဂလာ နယ်စပ်ရှိ ကုန်သွယ်ဂိတ်များကို ထိန်းချုပ်ထားသည်။

ယခု မေလ ၃ရက်နေ့တွင် ‌မောင်တောနယ်ရှိ စစ်ကောင်စီ၏ ကျီးကန်းပြင်ဌာနချုပ်အပါအဝင် လှဖိုးခေါင် နခခ ၁၀ တို့ကို သိမ်းပိုက်ခဲ့သည်။

ဧပြီလ ၃၀ ရက်နေ့တွင် မောင်တော-ဘူးသီးတောင် တောင်ကျော်လမ်းတွင်ရှိသည့် မိုက်ကရိုတိုင်စခန်းကို အာရက္ခတပ်တော်က ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ထို့အပြင် ဧပြီလ ၁၄ရက်နေ့တွင်လည်း ခမောင်းဆိပ်ဗျူဟာကို သိမ်းပိုက်ခဲ့သည်။

ထို့အတူ ဧပြီလ ၁၂ရက်နေ့ နံနက်အစောပိုင်းအချိန်၌ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကြိမ်ချောင်းဗျူဟာကို အာရက္ခတပ်တော်မှ အလုံးစုံ သိမ်းပိုက်ခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ရက်နေ့တွင် မောင်တောမြို့နယ်၊ တောင်ပြိုလက်ယာရှိ နယ်ခြားစောင့်စခန်းကို အာရက္ခတပ်တော်မှ သိမ်းပိုက်ခဲ့ပြီး ဖေဖော်ဝါရီလ ၆ရက်နေ့တွင် တောင်ပြိုလက်ဝဲမြို့ကို သိမ်းပိုက်ခဲ့သည်။

အာရက္ခတပ်တော်၏ ထိုးစစ်ကြောင့် စစ်ကောင်စီ၏ တပ်စခန်းများနှင့် ကင်းစခန်းများမှ တပ်သားများမှာ တပ်ဆုတ်ထွက်ပြေးခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စစ်ကောင်စီတပ်သား ၈၀၀ နီးပါး ထွက်ပြေးခိုလှုံခဲ့ရသည်။

မောင်တောမြို့နယ်အတွင်း ကျန်ရှိနေသည့် မြို့သူကြီး နခခ ၅မှ စစ်ကောင်စီတပ်သားများနှင့် စစ်သွေးကြွ ဘင်္ဂလီ မူဆလင်များသည် ပြည်သူပိုင်တံတား ၄စင်းကို မိုင်းခွဲဖျက်ဆီးခဲ့သည်။

ထို့အပြင် မြို့သူကြီး နခခ ၅မှ စစ်ကောင်စီ-စစ်သွေးကြွ ဘင်္ဂလီ မူဆလင် ပူးပေါင်းတပ်ဖွဲ့ဝင်များသည် မောင်တောမြို့၊ ဝေသာလီရပ်ကွက်ကို မေလ ၇ရက်နေ့၊ နံနက် ၁နာရီ၊ ၄၀ မိနစ်ခန့်အချိန်တွင် မီးရှို့ဖျက်ဆီးခဲ့ပြီး အမျိုးသမီးတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

ထိုနည်းတူစွာ ပြီးခဲ့သည့် မေလ ၉ရက်နေ့တွင်လည်း မောင်တောမြို့နယ်၊ ရွှေရင်အေးရွာမှ လူနေအိမ် ၅၀‌ ‌ကျော်ကို စစ်ကောင်စီပူးပေါင်းတပ်မှ မီးရှို့ဖျက်ဆီးခဲ့သည်။

လက်ရှိတွင် မောင်တော-ဘူးသီးတောင်ကားလမ်းရှိ ၄မိုင် နခခ ၂ကို အာရက္ခတပ်တော်မှ အင်အားအလုံးအရင်း ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဒေသခံများက ဆိုကြသည်။

၄ မိုင်ရွာအနီး နခခ ၂ အပါအဝင် လက်ကျန်နယ်ခြားစောင့်ရဲတပ်ရင်း ၃ခုနှင့် မောရဝတီဗျူဟာကို အာရက္ခတပ်တော်မှ သိမ်းပိုက်ရန်အတွက် ကြိုပမ်းလျက်ရှိပြီး စစ်ကောင်စီအနေဖြင့် နယ်စပ်မြို့ဖြစ်သည့် မောင်တောမြို့ မကျဆုံးစေရန် လက်နက်ကြီး ပစ်ကူများအပါအဝင် လေကြောင်း၊ ရေကြောင်းများမှ ခုခံ ပစ်ခတ်လျက်ရှိသည်။

စစ်ကောင်စီသည် တိုက်ပွဲနှင့် မသက်ဆိုင်သော အရပ်သားများနေထိုင်သည့် ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းများကြောင့် မောင်တောမြို့နယ်၊ ကင်းချောင်းကျေးရွာမှ ရွာသား ၄ဦး သေဆုံးခဲ့ရပြီး ၆ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

ထို့အတူ မောင်တောမြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်း၊ ရေကြောင်းမှ တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့အရပ်သားများ သေကြေပျက်စီးနေရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
By proceeding you understand and give your consent that your IP address and browser information might be processed by the security plugins installed on this site.
×