AB News – ဇူလိုင် ၁၅ ၊ ၂၀၂၅
ချန်ဒြာ
ရက္ခိုင်ပြည် မောင်တောခရိုင်ရှိ ဘူးသီးတောင် ၊ မောင်တောဒေသတို့တွင် အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရ စိုက်ပျိုးရေးဌာနနှင့် အုပ်ချုပ်ရေးဌာနက လယ်သမားများအား မျိုးစပါးများထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ မှစတင်ကာ လယ်သမားများကို မျိုးစပါးထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၁၉ ရက်နေ့က ဘူးသီးတောင်မြို့ရှိ မူဆလင်အပါအဝင် လယ်သမားများအားလုံးကို မျိုးစပါး ထောက်ပံ့ပေးခဲ့ကြောင်း လယ်သမားများ၏ ပြောဆိုချက်အရသိရသည်။
ဘူးသီးတောင်မှ လယ်သမား ၁ ဦးက “ AA က မျိုးစပါးတွေ ထောက်ပံ့ပေးခဲ့တယ် ။ လယ်ယာ လုပ်မဲ့လယ်သမားတိုင်းကို ပေးခဲ့တာပါ။ ပြီးတော့ AA က အခုလယ်သမားတွေကို ဓာတ်မြေသြဇာတွေ လည်း ဈေးပေါပေါနဲ့ ရောင်းချပေးနေတာရှိပါတယ် ” ဟု AB News သို့ပြောသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ စိုက်ပျိုးရေးဌာနက လယ်သမားများအား မြေသြဇာများကို ပေါက်ဈေးထက်ဈေးလျှော့ပြီး ရောင်းချပေးနေကြောင်း လယ်သမားများ၏ ပြောဆိုချက်အရ သိရသည်။
လက်ရှိ အာရက္ခဒေသတွင် ဈေးဆိုင်များတွင် မြေသြဇာ ၁ အိတ်လျှင် ကျပ်နှစ်သိန်းခွဲခန့်ထိ ရှိနေသည်ကို တွေ့ရသည်။
သို့သော်လည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ စိုက်ပျိုးရေးဌာနက ဘင်္ဂလာမြေဆီ ၁ အိတ်ကို ၁၂၅၀၀၀ ကျပ်နှင့် အိန္ဒိယမြေဆီ ၁ အိတ်ကို ၁၃၅၀၀၀ ကျပ်နှင့် ရောင်းချပေးနေကြောင်းသိရသည်။
“ အခုလို ဈေးနှုန်းသက်သက်သာသာနဲ့ ရောင်းချပေးတဲ့တွက် ULA/AA ကို ကျေးဇူးတင်ပါတယ်။ စပါးဈေးက မကောင်းတော့ ကျမတို့လယ်သမားတွေ အရှုံးပေါ်တာ များပါတယ် ။ ဒါပေမယ့်လဲ လယ်မလုပ်ရင် အကုန်လုံးအငတ်ဘေးဆိုက်မှာ စိုးရိမ်လို့သာ လယ်လုပ်နေကြရတာ ” ဟု ကျောက်တော်မြို့မှ လယ်သမား ၁ ဦးက AB News သို့ပြောသည်။
ရက္ခိုင်တွင် စုစုပေါင်း လယ်ဧက ၁၂ သိန်းဝန်းကျင်ရှိသည့်အနက် ယခုနှစ်ကာလတွင် လယ်ဧက ၅ သိန်းခန့်သာ လုပ်ကိုင်ကြကြောင်း သိရသည်။

