သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မူဆလင်အရေးနှင့် ULA/AA အပေါ် ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံရေး လုပ်ကြံမှု

(ဆောင်းပါး)

AB News-အောက်တိုဘာ ၃၊ ၂၀၂၅

ဆောင်းပါးရှင်-ဇော်သိုက်

ယနေ့ ရက္ခိုင်ပြည်သည် ကြေကွဲဖွယ်ရာ အတိတ်ကို ချန်ရစ်ပြီး ပိုမိုတောက်ပသော အနာဂတ်အတွက် အားလုံး မျှော်လင့် ရသော လမ်းဆုံလမ်းခွ တစ်နေရာတွင် ရောက်ရှိနေသည်။

ULA/AA သည် စစ်အာဏာရှင်ကို အမြစ်ဖြတ်ရေး တာဝန်ထမ်းနေရင်း တစ်ဖက်တွင်လည်း နိုင်ငံရေး၊ စစ်ရေးထိုး နှက်မှုကြီးကြီး မားမားကို ခံနေရသည်။ ယခု ထိုးနှက်မှုသည် စစ်ကောင်စီ တစ်ခုတည်း မဟုတ်တော့ပေ။

ဘင်္ဂလားဒေ့ရှ် အစိုးရ၏ မဟာဗျူဟာကျကျ စွပ်စွဲချက်၊ မူဆလင် အကြမ်းဖက် လက်နက်ကိုင် အုပ်စုများ၏ တပြိုင်နက် တိုက်ကွက်များဖြစ်သည်။

လတ်တလော ဖြစ်နေသည့် အချက်အလက်များကို အခြေခံပြီး ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် မူဆလင် အရေး ခေါင်းစဉ်တပ်ကာ ရက္ခိုင်ပြဿနာများကို တစ်ဆင့်ချင်း ပုံဖော်နေမှုကို မီးမောင်းထိုးပြချင်သည်။

  • ယူနွတ်အစိုးရ၏ အကြံအစည်များ
ဘင်္ဂလားဒေ့ရှ်ကြားဖြတ် အစိုးရခေါင်းဆောင် ယူနွတ်အား UN တွင် စက်တင်ဘာလ ၂၆ ရက်နေ့က တွေ့ရစဥ်

ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ ခေါင်းဆောင် မိုဟာမက် ယူနွတ်သည် ‘ ရက္ခိုင်စင်္ကြံ ’ဟု ခေါ်သည့်  ဘင်္ဂလားဒေ့ရှ် ကော့ဘဇားခရိုင်နှင့် ရက္ခိုင်ပြည်နယ်စပ်တွင် ဒုက္ခသည် စာနာထောက်ထားရေးနှင့် သယ်ယူပို့ ဆောင်ရေးဆိုင်ရာ လမ်းကြောင်းတစ်ရပ် ထားရှိနိုင်ရေး အစီအစဉ်ကို အမေရိကန်အားယူပြီး ကုလသမဂ္ဂထံ ချပြထားသည်။

ယင်းအာဂျင်တာ၏ နောက်ကွယ်မှ ရည်ရွယ်ချက်သည် နိုင်ငံတကာ အကူအညီဖြင့် မူဆလင် ဒုက္ခသည်များ အတွက် ရက္ခိုင်ပြည်တွင် Safe-Zone ‘ဘေးကင်းဇုန်’ တစ်ခု ထူထောင်ရန်ဖြစ်သည်။ Safe-Zone ၏ အဓိပ္ပာယ် သည် ရက္ခိုင်ပြည်တွင် မူဆလင် သီးသန့်နေရာ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အခွင့်အာဏာကို မျှော်ကိုးချက် ဖြစ်သည်။

အစီစဉ် အကောင်အထည်ဖော်ရေးအတွက် ကမ္ဘာ့ ခေါင်းဆောင်များကိုဖိတ်ပြီး မူဆလင်အရေး အဆင့်မြင့်အစည်း အဝေးများကို ယခုလပိုင်းတွင် ချိန်ကိုက် လုပ်ပြသည်။ ကော့ဘဇားခရိုင် အင်နာနီကမ်းခြေတွင် သြဂုတ် ၂၄ ရက် နေ့မှ ၂၆ ရက်နေ့အထိ သုံးရက်ကြာ မူဆလင် ဒုက္ခသည်အရေး ကွန်ဖရင့်ကြီး ကျင်းပခဲ့သည်။

ယင်းကွန်ဖရင့်တွင် ဒုက္ခသည်များ ရက္ခိုင်ပြည်ပြန်နိုင်ရေး၊ ရေရှည်ထောက်ပံ့မှု အစီအစဉ်များ ရရှိရေးတို့ကို မိုဟာမက် ယူနွတ်က အဓိက ဆွေးနွေးသည်။ အလားတူ ပြည်ပရောက် မူဆလင်အရေး လှုပ်ရှားသူများက စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒေါ်ဆောင်ဆန်းစုကြည်၊ ULA / AA ထိပ်ပိုင်းခေါင်းဆောင်များကို ICJ နှင့် ICC နိုင်ငံတကာ တရားစီရင်ရေး ပိုအားကောင်းအောင် တင်ပြကြသည်။ ယင်းနောက် ကုလသမဂ္ဂ အကြီးအကဲနှင့် အခြား အထူးဖိတ်ကြားသူ ပုဂ္ဂိုလ်များကို ဒုက္ခသည်စခန်းသို့ ခေါ်ကာ လိုက်ပြသည်။

အလားတူ ဩဂုတ် ၂၇ ရက် ဘင်္ဂလားဒေ့ရှ်တွင် မူဆလင် ဒုက္ခသည်များ ၈ နှစ်ပြည့် ပွဲကျင်းပသည်။ ယင်းပွဲတွင် ဒုက္ခသည်များကလည်း စစ်ကောင်စီ၊ ဒေါ်အောင်ဆန်းစုကြည်၊ အာရက္ခတပ်တော်တို့ကို တရားစွဲရေး ဆန္ဒပြ တောင်းဆိုကြသည်။ နေရပ်ပြန်လိုကြောင်း ကြွေးကြော်ကြသည်။ ထိုအစီစဉ်ကို ဒုက္ခသည်စခန်းရှိ ARSA ခေါင်း ဆောင်များနှင့် ဘာသာရေး အစွန်းရောက် ခေါင်းဆောင်များ၊ ပြည်ပရောက် မူဆလင် အုပ်စုတို့က ဦးဆောင် ဆန္ဒ ပြခိုင်းခြင်းဖြစ်သည်။

စက်တင်ဘာလ ၃၀ ရက် နယူးယောက် ကုလသမဂ္ဂ အစည်းအဝေးတွင်လည်း မူဆလင် ဒုက္ခသည်များ အရေး ဆွေးနွေးပွဲ ချိန်ကိုက်ပေါ်လာနေသည်ကို မြင်ရသည်။ ယင်းပွဲတွင် ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် ယူနွတ်က ဒုက္ခသည် အရေး လမ်းညွှန်ချက် ၇ ရပ်၌ ရက္ခိုင်ပြည်တွင် အထိုက်အလျောက် တည်ငြိမ်မှုနှင့် အတူ ဒုက္ခသည်များ ဘေးကင်း လုံခြုံစွာ နေရပ်ပြန်နိုင်ရေးအတွက် လက်တွေ့ကျသည့် လမ်းပြမြေပုံ တစ်ရပ် ရေးဆွဲရန် အပူတပြင်း တိုက်တွန်းထားသည်။  

ထို့အတူ စက်တင်ဘာ ၂၆ ရက်က ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ ခေါင်းဆောင် မိုဟာမတ်ယူနွတ်သည် ဒုက္ခသည် အရေးနှင့် ပတ်သက်ပြီး အာရက္ခတပ်တော်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက ဖိအားပေးရန် ကုလသမဂ္ဂ စင်မြင့် ထက်တွင် ထုတ်ပြောခဲ့သည်။

ထို့အတူ မူဆလင်ဒုက္ခသည် ပြဿနာသည် မြန်မာပြည်မှ မြစ်ဖျားခံလာခြင်း ဖြစ်သည့်အတွက် အဖြေလည်း မြန်မာပြည်တွင်သာ ရှိသည်ဟု ယူနွတ်က ပြောသည်။

ထို့အတူ ဘင်္ဂလားဒေ့ရှ် ဒက္ကာမြို့တွင်လည်း လာမည့် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဒုက္ခသည် အရေးကို မီးမောင်း ထိုးပြမည့် ဆွေးနွေးပွဲများ ဘင်္ဂလားဒေ့ရှ်အစိုးရက စီစဉ်ထားသေးသည်။

  • ပြည်ပရောက် မူဆလင်များ ချိန်ကိုက်လှုပ်ရှားမှုများ

ဘင်္ဂလားဒေ့ရှ် ဖိအားနှင့် တစ်ချိန်တည်းတွင် မူဆလင်အရေး တက်ကြွလှုပ်ရှားသူဟု အမည်တပ်ထားသည့် ပြည်ပရောက် မူဆလင် အုပ်စုကလည်း အာရက္ခတပ်တော်သည် ဘူးသီးတောင်၊ မောင်တော တိုက်ပွဲများတွင် မူဆလင်များကို လူမျိုးတုန်း သတ်ဖြတ်သည်ဟုဆိုကာ အပုတ်ချ ထိုးနှက်တိုက်ခိုက်ကြသည်။

ယင်းအစီအစဉ်များ ပိုမိုအားကောင်းစေရေး ဇူလိုင် ၃ ရက်နေ့တွင် အာရ်ကန် ရိုဟင်ဂျာ အမျိုးသားကောင်စီ (ARNC) ဖွဲ့စည်းကြသည်။ ARNC ကို ရိုနေဆန်းလွင်၊ ဦးထွန်းခင်၊ ဦးရွှေမောင်၊ ဦးအောင်ကျော်မိုးစသည့် ပြည် ပရောက် ပုဂ္ဂိုလ်များက ဦးဆောင်သည်။

ယင်းအဖွဲ့သည် ဩဂုတ်လ ဒုတိယအပတ်တွင် ဘူးသီးတောင် ထန်းရှောက်ခံကျေးရွာတွင် မူဆလင် ၆၀၀ ကျော် အထိ AA က လူမျိုးတုန်းသတ်ဖြတ်ခဲ့ကြောင်း လုပ်ကြံဇာတ်ခင်း တိုက်ခိုက်ကြသည်။ ထိုရွာလူကြီး၊ ဘူးသီးတောင် စကခမှူးကိုယ်တိုင် ဖြစ်စဉ်အမှန်ကို ချပြချိန်တွင် ဝါဒဖြန့်မှု အရှက်ကွဲကြသည်။

ထို့အတူ စက်တင်ဘာ ပထမ အပတ်တွင် အာရက္ခတပ်တော် စစ်ဦးစီးချုဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ ဒု-စစ်ဦးစီး ချုပ် ဒေါက်တာညိုထွန်းအောင်နှင့် ခေါင်းဆောင်များကို အာဂျင်တီးနား ဖက်ဒရယ် တရားရုံးတွင် တရားစွဲပြီး ဖမ်းဝ ရမ်းထုတ်ရန် ကြိုးစားနေကြသည်။

အဆိုပါ အုပ်စုသည် မူဆလင်အရေး လူမျိုးတုန်းသတ်ဖြတ်ခဲ့သူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အပေါင်းပါ တို့ကို ၂၀၁၉ ခုနှစ်တွင် နိုင်ငံတကာတွင် တရားစွဲခဲ့သည်။ ထို့နှင့်အတူ အာဏာသိမ်းစစ်ခေါင်းဆောင်နှင့်အတူ ဒေါ်အောင်ဆန်းစုကြည် သမ္မတဟောင်း ဦးထင်ကျော်တို့ကိုပါ အမှုဖွင့်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဂျင်တီးနား ဖက်ဒရယ် တရားရုံးက ဖမ်းဝရမ်း ထုတ်ခဲ့သည်။ ယခုလည်း ULA/AA ကို ထပ်ပြီး အမှုဆင်နေခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များကိုလည်း စစ်အာဏာရှင်၊ NLD၊ ULA/AA စသည့် မြန်မာပြည်က ခေါင်း ဆောင်းအားလုံးမှာ မူဆလင်တို့၏ ရန်သူဖြစ်ကြောင်း အစွန်းရောက် လူမျိုးရေး အမြင်များ ဝါဒမှိုင်းသွင်းပေး ထားသည်။

  • အကြမ်းဖက် အုပ်စုများ၏ တောင်ပြိုသိမ်းပိုက်ရေး အိပ်မက်

တစ်ချိန်တည်းတွင် ARSA အကြမ်းဖက်အုပ်စုသည် မောင်တော နယ်စပ်တွင် ဆက်တိုက် တိုက်ပွဲဖော်ပြသည်။ ဒုက္ခသည် ကွန်ဖရင့်၊ ဒုက္ခသည် ၈ နှစ်ပြည့်နေ့၊ ထန်းရှောက်ခံရွာ စွပ်စွဲချက်၊ ကုလသမဂ္ဂ ညီလာခံတို့ဖြင့် နိုင်ငံ တကာ အာရုံစိုက်မှုရအောင် အချိန်နှင့် တပြေးညီ လုပ်ပြခြင်းဖြစ်သည်။

စက်တင်ဘာလ (၁၆) ရက်နေ့မှစပြီး အကြမ်းဖက် ARSA အုပ်စုသည် မောင်တောမြောက်ပိုင်း နယ်စပ်မှတ်တိုင် (၅၆)၊ (၅၇) အကြား “ပွိင့် (၆၀၁) ကုန်း” ရှိ အာရက္ခတပ်တော်၏ နယ်စပ် လုံခြုံရေးတပ်စခန်းနှင့် ဒုံးညိုကျေးရွာ စခန်းအား ဘင်္ဂလားဒေ့ရှ်ဘက် အခြမ်းမှ နှောင့်ယှက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

စက်တင်ဘာလ (၁၆) ရက်နေ့တွင် ပွိုင့် (၆၀၁) စခန်းအား စတင်တိုက်ခိုက်ခဲ့ပြီး ဒုတိယနေ့တွင် စခန်း၏ ပထမ အဆင့်ရှိ AA မနေသည့် အဆောင်ပျက်များသို့ အင်အားအနည်းငယ်ဖြင့် ခေတ္တဝင်ရောက်နိုင်ခဲ့သော်လည်း AA စစ်ကူများ ရောက်ရှိလာချိန်တွင် ARSA  အားလုံးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြသည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့်တပ်ဖွဲ (BGB)၏ အကျင့်ပျက်အရာရှိ တစ်ချို့က ARSA၊ RSO အကြမ်း ဖက်အဖွဲ့များကို စစ်ရေး အကူအညီများကို အပြည့်အဝ ပေးထားရုံသာမက ၎င်းတို့ စခန်းများ အနီးမှာပင် ARSA စခန်းများ အခြေစိုက်ခွင့်ပြုထားသည်။

ထို့ကြောင့် ARSA၊ RSO အကြမ်းဖက် အုပ်စုများကို ဘင်္ဂလားဒေ့ရှ် အစိုးရအနေဖြင့် အရေးယူ ထိန်းကျောင်းမှု မရှိပါ က နယ်စပ် တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် နှစ်ဖက်ဆက်ဆံရေးတင်းမာမှု ပိုမိုမြင့်တက်လာနိုင်ကြောင်း စက်တင်ဘာ လ ၂၇ ရက်တွင် AA က သတိပေးခဲ့သည်။

လက်တွေ့တွင်လည်း အကြမ်းဖက်အဖွဲ့များသည် BGB စခန်းအနီးကနေ နတ်မြစ်နှင့် မယူတောင်လမ်းကြောင်း များမှတစ်ဆင့် မောင်တောခရိုင်သို့ စိမ့်ဝင်ကာ နယ်စပ်ရှိ AA လုံခြုံရေးစခန်းအချို့အား တိုက်ခိုက်သည့် အပြင် ဒေသခံ ရက္ခိုင်၊ မြိုစသည့် ပြည်သူများကိုလည်း အကြမ်းဖက် သတ်ဖြတ်မှုများ၊ ဆက်တိုက်ကျူးလွန်နေကြသည်။

ပြီးခဲ့သည့် ရက်ပိုင်းက မောင်တောမြို့နယ် မြောက်ပိုင်း တမန်းသားကျေးရွာနှင့် ဒုံးညိုကျေးရွာသား ၁၀ ဦးကို ARSA က ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။ အာရက္ခတပ်တော်သည် စစ်တွေ၊ ကျောက်ဖြူ အပါအဝင် အခြား နေရာ တို့တွင် တိုက်ပွဲများဖြစ်နေသည်ကို အခွင့်ကောင်းယူကာ တိုက်ခိုက်နေခြင်းဖြစ်သည်။

“ ဒီတိုက်ပွဲတွေအပေါ် BGB ပတ်သက်နေတာ ကျနော်တို့ သတင်း အတိအကျရှိတယ်။ ဒီရက်ပိုင်းကစပြီးမှ တောင်ပြိုကို ရအောင်တိုက်ပါ။ မရနိုင်ရင် တောင်ပြိုရဲ့ မြောက်ပိုင်းကနေရာတွေကို ရအောင်တိုက်ပါလို့ ပြော တဲ့အတွက် နယ်စပ်မှာ တိုက်ပွဲတွေ ဖြစ်တယ် ” ဟု AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာဝတီနှင့် အင်တာဗျူးတွင် ပြောထားသည်။

AA ထုတ်ပြန်ချက်အရ မောင်တောမြို့နယ်မြောက်ပိုင်းတွင် စက်တင်ဘာလ ၁၆ ရက်မှ ၂၇ ရက်နေ့ အထိ နယ်စပ် နေရာ ၆ ခုတွင် ARSA နှင့် အာရက္ခတပ်တော်တို့ကြား ထိတွေ့တိုက်ပွဲ ၁၂ ကြိမ်ထိ ဖြစ်ခဲ့ကြောင်း ဆိုသည်။

ထို့အတူ ဘင်္ဂလားဒေ့ရှ် အစိုးရ၏ အစီအစဉ် နောက်တစ်ခုမှာ ၎င်းတို့နှင့် စစ်ကောင်စီတပ်၏ အားပေးကူညီမှုဖြင့် ARSA အုပ်စုကို  ရခိုင်ပြည်တွင်းသို့ ထိုးဖောက်ဝင်ရောက်စေပြီး အာရက္ခတပ်တော်ကိုတိုက်ခိုက်ရန် ဖြစ်သည်။

  • ဘင်္ဂလားဒေ့ရှ်၏ လုပ်ကြံစွပ်စွဲချက်များ

အာရက္ခတပ်တော်သည် ရက္ခိုင်- ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို အလုံးစုံထိန်းချုပ်ပြီးချိန်က စပြီး ဘင်္ဂလားဒေ့ရှ်နှင့် အိမ်နီးချင်း ဆက်ဆံရေးကောင်းမွန်ရန် အမြဲတမ်း ကြိုးပမ်းနေခဲ့သည်။ အဓိကအားဖြင့် အပြုသဘောဆောင်သည့် ဆက်ဆံမှုမျိုး ပေးခဲ့သည်။ ရက္ခိုင်ပင်လယ်ပြင်သို့ နေ့စဉ် ခိုးဝင်ငါးဖမ်းသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ထောင်နှင့်ချီကို ဖမ်းဆီးနိုင်သော်လည်း အရေးယူမှု မလုပ်ဘဲ ကောင်းကောင်းမွန်မွန် ပြန်လွှတ်ပေးနေသည်။

သို့သော် စက်တင်ဘာ ၁၀ ရက်တွင် ရက္ခိုင်ပြည် ရသေ့တောင်မြို့နယ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခိုးဝင်ငါးဖမ်း လှေများကို စစ်ဆေးနေစဉ် လှေပေါ်တွင်ပါလာသည့် အကြမ်းဖက်သမားတို့၏ လက်ချက်ကြောင့် AA ကမ်းခြေ စောင့်တပ် အရာရှိနှင့် တပ်ဖွဲ့ဝင်တို့ သတ်ဖြတ်ခြင်းခံ လိုက်ရသေးသည်။

သို့သော် စက်တင်ဘာ ၁၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် အကြီးအကဲ ဗိုလ်မှူးကြီး မိုဟီဒင်း အာမက်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အချို့မှာ အာရက္ခတပ်တော်ထံမှ မူးယစ် ဆေးဝါးများဝယ်ယူကာ နိုင်ငံ တွင်းသို့ တင်သွင်းနေကြောင်း သတင်းစာရှင်းပွဲကနေ စွပ်စွဲချက်ထုတ်သည်။

ဦးခိုင်သုခက “ ဒါဟာ အခြေအမြစ်မရှိ တစ်ဖက်သတ် လုပ်ကြံစွပ်စွဲချက် ” ဟု ဆိုကာ ပယ်ချခဲ့သည်။

အဆိုပါ မူးယစ်ဆေးများမှာ ရန်ကုန်၊ စစ်တွေမြို့မှ တဆင့် စစ်ကောင်စီနှင့် မူဆလင် အဖွဲ့အစည်းများ ပူးပေါင်းကာ ပင်လယ်ရေကြောင်းလမ်း စိန့်မာတင်ကျွန်းသို့ တင်ပို့နေကြခြင်းသာဖြစ်ကြောင်း ဆိုသည်။  ထို့ကြောင့် မူးယစ်လုပ် ငန်းမှ အကျိုးအမြတ်ရနေသည့် BGB နှင့် ဘင်္ဂလား coast guard တပ်ဖွဲ့ အရာရှိအချို့မှာ ၎င်းတို့၏ အကျိုးစီးပွား ဆက်စပ်နေမှုများအား ဖုံးကွယ်ရန် AA ထံ အပြစ်ပုံချနေခြင်း ဖြစ်ကြောင်း ဦးခိုင်သုက ဖြေရှင်းသည်။

ယင်းအပြင် ဘင်္ဂလားဒေ့ရှ်- ရက္ခိုင်နယ်စပ်ကုန်သွယ်မှုကို ဘင်္ဂလားအာဏာပိုင်တို့က လုံးဝ ရပ်တန့်လိုက်ပြီး ရက္ခိုင်ပြည်သို့ ဆေးဝါးနှင့် အခြေခံလူသုံးကုန်ပစ္စည်းများ မရောက်စေရေး ကန့်သတ်ပိတ်ပင်မှုများ ဆက်တိုက် လုပ်နေသည်။ ထို့အတူ နတ်မြစ်ကြောင်း သွားလာနေသည့် အချို့ စက်လှေများကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်က လှမ်းပစ်ခြင်းများ ရှိနေသည်။

အထက်ပါ အချက်လက်များကို ကြည့်လျင် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် မူဆလင်ဒုက္ခသည် အရေးနှင့် ပတ်သက်ပြီး  နိုင်ငံတကာ၏ အာရုံစိုက်မှုရအောင် ပြင်းထန်စွာ ဆွဲဆောင်နေပြီး AA ကိုလည်း နိုင်ငံရေး စစ်ရေး၊ ဘက်ပေါင်းစုံကနေ လုပ်ကြံ တိုက်ခိုက်နေသည်ကို ထင်ရှားစွာ မြင်ရသည်။

  • ULA ၏ လက်တွေ့ကျသည့် လုပ်ငန်းများ

လက်ရှိ ရက္ခိုင်ပြည် အခြေအနေသည် အပြောင်းအလဲများစွာရှိနေပြီး  ဘင်္ဂလားဒေ့ရှ်နှင့် ဆက်ဆံရေး တင်းမာ မှုများ၊ စစ်ကောင်စီနှင့် တိုက်ပွဲများ၊ ARSA အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုများကြောင့် ဒေသတွင်း လုံခြုံရေး စိန်ခေါ်မှု အသစ်များဖြစ်နေသည်။

အထူးသဖြင့် အာရက္ခတပ်တော်၏ လုံခြုံရေး ဟာကွက်များကို အခွင့်ကောင်းယူကာ မူဆလင် အကြမ်းဖက် များသည် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တို့ အကူအညီဖြင့် ရက္ခိုင်ပြည်သို့ ထိုးဖောက်ဝင်ရောက်ရန် အခွင့်ရေး ရ နေခြင်းက နယ်စပ်လုံခြုံရေးကို ပိုမိုရှုပ်ထွေးစေသည်။

အထက်ဖော်ပြပါ စရိုက်အမျိုးဖြင့် များပြားလှသည့် မူဆလင်အုပ်စုများသည် ရက္ခိုင်ပြည်အရေးတွင် ပိုပြီး ရှုပ်ထွေး စေသည်။ မူဆလင်များထဲတွင် လုံးဝ နိုင်ငံရေး အရောင်အဆင်းမရှိသည့် ဒုက္ခသည်များရှိသလို ပြည်ပအခြေစိုက် ဒုက္ခသည် အခွင့်အရေး မျှော်ကိုးသူများလည်း ရှိနေသည်။ တစ်ခါ နယ်စပ်တွင် AA ကို သွေးထွက်သံယိုဖြစ်အောင် တိုက်ခိုက်နေသူ အကြမ်းဖက်အုပ်စုလည်း ရှိနေပြန်သည်။

ဤအခြေတွင် ULA/AA သည် ဒေသခံ မူဆလင် အသိုင်းဝိုင်းနှင့် တန်းတူညီမျှ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုသဟဇာတစသည်တို့ကို တစိုက်မတ်မတ် လုပ်နေသည်။ ULA/AA သည် စစ်အာဏာရှင် အမြစ်ပြတ်ရေး၊ မူဆလင် ရက္ခိုင်လူ့အဖွဲ့အစည်း သဟဇာတအရေး၊ ရက္ခိုင်ပြည်တွင်း နေသူတိုင်း နိုင်ငံသားအခွင့် အရေး တန်းတူရရှိရေးကို အာမခံထားပြီး ရှေ့ဆက်လုပ်ငန်းစဉ်များကိုလည်း တစ်ဆင့်ချင်း အလုပ်ဖြင့် သက်သေပြနေသည်။

သို့သော် ယခုဘင်္ဂလားဒေ့ရှ် အစိုးရ၏ လုပ်ကွက်များသည် ဒုက္ခသည်များ ရက္ခိုင်ပြည်သို့ ပြန်ပို့ရေးကိုသာ အလော တကြီး ရှာဖွေနေပြီး ဒုက္ခသည် ဝန်ထုပ်ဝန်ပိုးကြီးကို AA ထံသို့ အပြစ်တင် စွန့်ပစ်ရန် ဖိအားပေးနေခြင်းလည်း ဖြစ် သည်။

  • နောက်ဆက်တွဲ ဖြစ်နိုင်ခြေ

အာရက္ခတပ်တော်သည် စစ်ကောင်စီတပ်နှင့် ရင်ဆိုင်ထားသည့် စစ်မျက်နှာများစွာရှိသကဲ့သို့ ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင်လည်း နယ်စပ်လုံခြုံရေး စစ်ပွဲတစ်ပွဲအတွက် ပြင်ဆင်နေရသည်။

အထက်ပါ အချက်များကို ခြုံငုံကြည့်လျှင် ULA/AA ၏ မူဆလင်အရေး ဖြေရှင်းချက်များကို မလိုမုန်းတီးစိတ်ဖြင့် စိုးရိမ်ပူပန်နေသူများမှာ အကြမ်းဖက် ARSA အုပ်စု၊ ပြည်ပနေ မူဆလင်များနှင့်တန်းတူ ဘင်္ဂလားဒေ့ရှ် အစိုးရ လည်း ပါဝင်လာနေသည်ကို မြင်ရသည်။

ယင်းကြောင့် ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရသည် အကြမ်းဖက် ARSA ကို မွေးမြူ ထားခြင်းမှာ ရက္ခိုင်ဒေသအတွင်း သွေးစွန်းမှုများဖြစ်စေမည့် ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံရေးလုပ် ကြံမှုကြီးတစ်ခုဖြစ် ပေသည်။

ယင်းအားလုံး၏ အကျိုးဆက်သည် ရက္ခိုင့်နိုင်ငံရေးကို ပိုမို ရှုပ်ထွေးစေပြီး အလုံးစုံ ပျက်သုဉ်းခြင်း သို့မဟုတ် အဆိုးဘက်ကို သက်ရောက်ပေလိမ့်မည်။ ယင်းကြောင့် ဘင်္ဂလားဒေ့ရှ် အစိုးရအနေဖြင့်လည်း အိမ်နီးချင်း ဆက် ဆံရေးပိုင်းတွင် ချင့်ချိန်စဉ်းစားရန် လိုအပ်နေသည်။

တစ်ဆက်တည်းတွင် ယူနွတ်အစိုးရသည် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် မြို့တော် ဒက္ကာ၌ မူဆလင် ဒုက္ခသည် အရေးဆွေး နွေးပွဲလုပ်ရန် စီစဉ်ထားသည်။ ယင်းကြောင့် နောက်ထပ် ရက္ခိုင် နိုင်ငံရေးတွင် မူဆလင် အရေးနှင့် ULA/AA အပေါ် ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံရေး လုပ်ကြံမှုများ မည်သို့မည်ပုံဖြစ်လာမည်ကို စိတ်ဝင်တစား စောင့်ကြည့် ရဦးမည်ဖြစ်ပေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ