သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မီဇိုရမ်-ရက္ခိုင် ကုန်လမ်းကြောင်းပိတ်ထားမှုကြောင့် အခြေခံလက်လုပ်လက်စားများ စားဝတ်နေရေးအခက်ကြုံ

AB News – နိုဝင်ဘာ ၁၈၊ ၂၀၂၅
အောင်စိုး

ရက္ခိုင်သို့ အဓိကကုန်စည်စီးဆင်းနေသည့် မီဇိုရမ်-ရက္ခိုင် ကုန်သွယ်ရေးလမ်းကြောင်းများတွင် ဝမ်းပျက် ဝမ်းလျှော ရောဂါဖြစ်ပွားမှုကြောင့် အာရက္ခတပ်တော်မှ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် အကန့်အသတ်မရှိ ယာယီပိတ်ထားလိုက်သဖြင့် ဒေသခံအခြေခံလက်လုပ်လက်စားများ စားဝတ်နေရေးအခက်ကြုံနေရကြောင်း AB News မှ စုံစမ်းသိရသည်။

ရက္ခိုင်တစ်ကျော့ပြန်တိုက်ပွဲစတင်သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလနှောင်းပိုင်းမှ စ၍ စစ်ကော်မရှင်သည် ရက္ခိုင်က မြို့နယ်အများစုကို ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့ပြီး ကုန်စည်စီးဆင်းမှုကို ဖြတ်တောက်ခဲ့သည်။

လမ်းကြောင်း ပိတ်ထားချိန်တွင် ကုန်ချကုန်တင်လှေများ အရောက်နည်းပါးသောကြောင့် ကုန်ထမ်းလုပ်သားများမှာ နေ့စဥ်ဝင်ငွေနည်းပါးလာသဖြင့် စားဝတ်နေရေးများ အခက်ကြုံနေရကြောင်း ဆိပ်ကမ်းတစ်ခုတွင် ကုန်ထမ်းအလုပ်လုပ်ကိုင်နေသူ အသက် ၄၀ အရွယ်အမျိုးသားတစ်ဦးက ပြောသည်။

“လမ်း မပိတ်တုန်းကလည်း များများစားစား ရတာတော့ မဟုတ်ပါဘူး။ ကူလီထမ်းသူတွေလည်း များတော့ တစ်ရက်လုံးလုပ်လို့မှ ပိုက်ဆံ ၂ သောင်းလောက်ပဲရတာ။ အဲဒီတုန်းကတော့ ချွေတာပြီး စားသောက်လို့ ရတယ်။ နည်းနည်းပါးပါးတော့ အဆင်ပြေပါတယ်။ ခုက လှေတွေလည်း မရောက်တော့ အလုပ်မလုပ်ရဘူး။ ပိုက်ဆံတစ်ပြားမှ မရတာ ဒီနေ့ဆိုရင် သုံးရက်ရှိပါပြီ။ ရင်းနီးတဲ့မိတ်ဆွေတွေဆီက ချေးငှားပြီးတော့ ဝမ်းရေးဖြေရှင်းနေရတယ်” ဟု သူက ဆိုသည်။

၎င်းမှာ စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာမှ စစ်ဘေးရှောင်လာသူတစ်ဦးဖြစ်ပြီး မိသားစုဝမ်းရေးအတွက် ကုန်ထမ်းအလုပ်ကို လုပ်ကိုင်နေသူ တစ်ဦးလည်း ဖြစ်သည်။

ကုန်ထမ်းအလုပ်တစ်ခုတည်းကိုသာ အသက်မွေးဝမ်းကျောင်းပြုနေရသည့် နောက်ထပ်ဒေသခံတစ်ဦးက “ဝမ်းရောဂါကြောင့် လမ်းပိတ်ထားတယ်လို့ သိရပါတယ်။ အဲဒီရောဂါလည်း မြန်မြန်ပျောက်ကင်းစေချင်ပါတယ်။ လမ်းတွေကိုလည်း မြန်မြန်ပြန်ဖွင့်ပေးစေချင်ပါတယ်။ ခု ရောဂါဖြစ်လို့ လမ်းတွေ ပိတ်ထားတော့ တော်တော်လည်း အခက်ကြုံနေရပါတယ်။ ကျနော်မှာက သူများတွေလို အခြားအလုပ်လုပ်ဖို့ကလည်း ငွေကြေးအရင်းအနှီးလည်း မရှိဘူး။ ဒီအလုပ်တစ်ခုတည်းနဲ့ပဲ မိသားစုကို ရှာဖွေကျွေးမွေးနေတာပါ” ဟု ပြောသည်။

အခြေခံလက်လုပ်လက်စား ကုန်ထမ်းအလုပ်လုပ်နေသည့် ဆိပ်ကမ်းနေရာများကို လုံခြုံရေးအရ AB News မှ ဖော်ပြထားခြင်း မရှိပေ။

ထို့အပြင် ကုန်လမ်းကြောင်းပိတ်ထားသောကြောင့် မြို့နယ်အချို့တွင် အခြေခံစားနပ်ရိက္ခများနှင့် ဆေးဝါးများမှာ ယခင်ထက်စျေးနှုန်းများ မြှင့်တက်နေကြောင်း သိရသည်။

“လမ်းပိတ်တဲ့ အသံလောက်ပဲ ကြားရသေးတယ်၊ စျေးနှုန်းတွေက တော်တော်တက်သွားပြီ။ အရင် ၅ ထောင်တန်တဲ့ ပစ္စည်းတွေဟာ ခု ၇ ထောင်နီးပါး ဖြစ်သွားတယ်။ ဆေးဝါးတွေကအစ စျေးတွေတက်နေတယ်” ဟု မြောက်ဦးဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါကုန်လမ်းကြောင့် ပိတ်လိုက်သဖြင့် မီဇိုရမ်-ပလက်ဝ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများတွင် ခရီးသည် ရာနှင့်ချီ ပိတ်မိနေကြောင်း ပိတ်မိနေသည့် ခရီးသည်များထံမှ သိရသည်။

၎င်းဝမ်းပျက်ဝမ်းလျှောရောဂါသည် ပလက်ဝမြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိန္ဒိယနိုင်ငံ၊ လောင်တလိုင်ခရိုင်မှ ကာကီကျေးရွာ၊ တွီတင်းကျေးရွာ နှင့် လုံတင်ကျေးရွာများမှ အစပြုခဲ့ကြောင်း သိရသည်။

ထိုဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် လောင်တလိုင်စစ်ဘေးရှောင်စခန်းတွင် နိုဝင်ဘာလ ၂ ပတ်အတွင်း ကလေးငယ်အပါအဝင် စစ်ရှောင်ပြည်သူ ၅ ဦးအထက် သေဆုံးမှုရှိနေကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများတွင် ခရီးသွားပြည်သူများ များပြားခြင်း၊ သောက်ရေသုံးရေ သန့်ရှင်းမှုအားနည်းခြင်းနှင့် ယင်လုံအိမ်သာနည်းပါးသဖြင့် ဝမ်းရောဂါများ ဖြစ်ပွားကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းများမှ မှတ်ချက်ပြုကြသည်။

နိုဝင်ဘာလ ၄ ရက်နေ့မှ စ၍ အာရက္ခပြည်သူ့ကျန်းမာရေးဌာနအပါအဝင် ပလက်ဝမြို့နယ်အတွင်းရှိ NGO/CSO အဖွဲ့အစည်းများ ပူးပေါင်းကာ ဆေးကုသမှုများ ပြုလုပ်ခဲ့သည်။

ယင်းအပြင် ဒေသခံပြည်သူများအား ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုနှင့် ရောဂါဖြန့်ပွားမှု မဖြစ်စေရန် လိုက်နာဆောင်ရွက်ရမည့် ရှောင်ရန်၊ ဆောင်ရန် နည်းလမ်းများကို အာရက္ခပြည်သူကျန်းမာရေးဌာန (AHD) မှ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်