Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မာန်အောင်မြို့နယ် သစ်ပုံရွာ ငှက်ပျောတောရပ်ကွက်နှင့် အနောက်ပါးရပ်ကွက်မှ ပြည်သူများအား စစ်ကောင်စီက အဓမ္မနေရာရွှေ့ပြောင်းခိုင်း၍ ပြည်သူများ နေရပ်စွန့်ခွာနေကြရပြီ

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲ ဖြစ်ပွားခြင်း အလျဥ်းမရှိသေးသည့် မာန်အောင်မြို့နယ်တွင် ကျေးရွာသား အချို့ကို စစ်ကောင်စီက အတင်းအဓမ္မနေရပ် ရွှေ့ပြောင်းခိုင်းစေသည့်အတွက် ပြည်သူများမှာ ယနေ့ ဧပြီ ၁၈ ရက်နေ့မှ နေရပ် စတင်ရွှေ့ပြောင်းနေကြရပါပြီဖြစ်ကြောင်း သတင်းရရှိသည်။

အကြမ်းဖမ်း စစ်ကောင်စီတပ်က အတင်းနေရပ်ရွှေ့ပြောင်းခိုင်း၍ ပြောင်းရွှေ့နေရသူများမှာ မာန်အောင်မြို့နယ် သစ်ပုံရွာ ငှက်ပျောတောရပ်ကွက်နှင့် အနောက်ပါးရပ်ကွက်မှ ပြည်သူများဖြစ်သည်။

သစ်ပုံရွာမှာ အုပ်စု ကျေးရွာတစ်ခုဖြစ်ပြီး အိမ်ထောင်စု ၅၀၀ ခန့်ရှိကာ ရပ်ကွက် ၂ ခုမှ အိမ်ထောင်စု ၂၀၀ ခန့် ရွှေ့ပြောင်းရမည်ဖြစ်ကြောင်း သိရသည်။

၎င်းတို့မှာ ဧပြီလ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး မြေနီတောင်အနီး ပန်းခြံရွာနှင့် ဖက်ယားရွက်ဖက်သို့ ပြောင်းရွှေ့ရမည်ဟု ယနေ့မနက်က စစ်ကောင်စီအဖွဲ့က လာရောက် ပြောခဲ့သော်လည်း မည်သည့်အတွက်ကြောင့် ပြောင်းရမည်ကိုမူ ရှင်းရှင်းလင်းလင်း ပြောကြားခြင်း မရှိကြောင်း AB News ကစုံစမ်းသိရသည်။

အကြမ်းဖက် စစ်ကောင်စီအဖွဲ့သည် ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့ နေ့လည် ၁ နာရီကျော်တွင် သစ်ပုံရွာသို့ဝင်လာပြီး ပြည်သူများကိုအစည်းအဝေးခေါ်ကာ ရက္ခိုင့်တပ်တော် အလိုမရှိကြောင်း ဆိုင်းဘုတ် ကပ်ရမည်ဟု ပြောဆိုခဲ့ရာ ရွာသားအချို့က စာရွက်ကပ် ကမ်ပိန်းလုပ်ပြီး ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြသည်ကိုလည်း တွေ့ရသည်။

ထို့အပြင် သစ်ပုံရွာမှ အသက် ၁၈ နှစ်အထက် လူငယ် ရာကျော်ကိုလည်း စစ်ကောင်စီက စစ်မှုထမ်းရန် စာရင်း ကောက်ယူထားပြီး စစ်မှုထမ်းရန် ငြင်းဆိုလျင် မိသားစုဝင်များအား ဖမ်းဆီးမည်ဟု ခြိမ်းခြောက်မှုများလည်း ရှိကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်