Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မာန်အောင်မြို့နယ်တွင် ရက္ခိုင့်တပ်တော် အလိုမရှိကြောင်း အိမ်တိုင်းတွင် ဆိုင်းဘုတ်ကပ်ရန် စစ်ကောင်စီပြော၊ မကပ်လျှင် ဗုံးကြဲမည်ဟု ခြိမ်းခြောက်

မာန်အောင်မြို့နယ်တွင် ရက္ခိုင့်တပ်တော် အလိုမရှိကြောင်း အိမ်တိုင်းတွင် ဆိုင်းဘုတ်ကပ်ရန် စစ်ကောင်စီပြော၊ မကပ်လျှင် ဗုံးကြဲမည်ဟု ခြိမ်းခြောက်

AB News – ဧပြီ ၇ ၊ ၂၀၂၄

ရက္ခိုင်ပြည် မာန်အောင်မြို့နယ် သစ်ပုံရွာတွင် ရက္ခိုင့်တပ်တော် အလိုမရှိကြောင်း ဆိုင်းဘုတ်ကို နေအိမ်တိုင်းတွင် ကပ်ရမည်ဟု စစ်ကောင်စီပြောဆိုခဲ့ပြီး မကပ်လျှင် ရပ်ရွာအား ၂ နာရီအတွင်းဗုံးကြဲတိုက်ခိုက်မည်ဟု စစ်ကောင်စီက ဖိအားပေးခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီအဖွဲ့သည် ယနေ့ ဧပြီလ ၇ ရက်နေ့ နေ့လည် ၁ နာရီကျော်တွင် သစ်ပုံရွာသို့ဝင်လာပြီး ပြည်သူများကိုအစည်းအဝေးခေါ်ကာ ရက္ခိုင့်တပ်တော် အလိုမရှိ ဆိုင်းဘုတ် ကပ်ရမည်ဟု ပြောဆိုခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

“စစ်ကောင်စီတပ်သားတွေကရွာထဲဝင်လာတယ်။ ဗိုလ် ၂ ယောက်ပါတယ်။ ရွာသားတွေကို အစည်းအဝေးခေါ်ပါတယ်။ “ရက္ခိုင့်တပ်တော် အလိုမရှိ” ဆိုတဲ့စာသားပါဆိုင်းဘုတ်တွေ မိမိကိုယ်တိုင်စာရေးပြီး အိမ်တိုင်းမှာကပ်ရမယ်။ မကပ်ရင်တော့ ဗုံးကြဲသွားမယ်လို့ ပြောပါတယ်” ဟုဆိုသည်။

ယမန်နေ့ကလည်း စစ်ကောင်စီက သစ်ပုံရွာမှ ဒေသခံ ၂၀ ဦးကိုစစ်မှုထမ်းရန်ခေါ်သည့်အတွက် စစ်ကောင်စီ၏ ခိုင်းတိုင်းလုပ်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးအား စစ်ကောင်စီ၏ လုပ်ရပ်အား အလိုမရှိကြောင်း ရွာခံသားများက နေရာ ၃ ခုတွင် စာကပ်ကန့်ကွက် ထားခဲ့သည်ကို တွေ့ရသည်။

သစ်ပုံရွာ/သူရွာသားများသည် ၎င်းကန့်ကွက်စာကို ယမန်နေ့ နံနက် ၇ နာရီတွင် စျေးရှေ့ရှိ အလှူခံရာမဏ္ဍပ်ရှေ့တွင် ၁ ရွက်၊ စာကြည့်တိုက်ရှေ့ ကုက္ကိုပင်တွင် ၁ ရွက်နှင့် ရွာထဲ ခြံစည်းရိုးတွင် ၁ ရွက်ကပ်ထားခဲ့ကြောင်း သိရသည်။

ရွာသူ/ရွာသားများ၏ ကန့်ကွက်စာတွင်

( ၁ )သူခိုး/ ဓားပြတွေရဲ့ ရန်ကိုကာကွယ်ရမှာလည်းမဟုတ်။

( ၂ )ဒီရပ်၊ ဒီရွာမှာ အမျိုးသား သစ္စာဖောက်များရှိလို့ ရပ်ရွာကို ကြိုတင်ကာကွယ်ရမှာလည်းမဟုတ်။

( ၃) ပြည်ပမှ ကျူးကျော်လာသော ရန်သူများကို ဝိုင်းဝန်းတိုက်ထုတ်ရန်လည်းမဟုတ်။

( ၄) ရပ်ရွာတွင် လက်နက်ကိုင်ဆောင်ပြီး ရွာသူ/ သားများအပေါ် ခြိမ်းခြောက်အနိုင်ကျင့် ဗိုလ်ကျ၊ လုယက်၊ လူသတ်၊ မုဒိမ်းကျင့်အစရှိသူလည်းမရှိ ဘဲ ရွာစောင့်တပ်အား အလိုမရှိကြောင်း စာကပ်ကန့်ကွက်ထားသည်ကို တွေ့ရသည်။

ထို့အပြင် ရပ်ရွာအစည်းအဝေးလုပ်အဖွဲ့က တစ်ဖက်လက်နှင့် ရည်ရွယ်ချက်ရှိရှိ ခိုင်းတိုင်းလုပ် လူအင်အားလိုသလောက်ဖြည့်ပေးရလောက်အောင် မစင်စားပြီး အသိဉာဏ်နည်းတဲ့ လူတိရစ္ဆာန် တွေထဲ သစ်ပုံရွာသူ/သားများ ပါသလားဟု မေးခွန်းထုတ်ပြောဆိုထားသည်။

အထိနာ ကျဆုံးနေသောအကြမ်းဖက် စစ်ကောင်စီသည် စစ်မှုထမ်း ဥပဒေကိုခုတုံးလုပ်ကာ ​မာန်အောင်အတွင်းရှိ ကျေးရွာများအပါအဝင် တစ်ခြားမြို့နယ် များတွင်လည်း စစ်မှုထမ်းရန်ခေါ်ယူလျက်ရှိနေသည် တွေ့ရသည်။

မာန်အောင်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ကြား တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသေးသော်လည်း စစ်ကောင်စီသည် မာန်အောင်မြို့ လေဆိပ်အပါအဝင် ခံတပ်များကို အခိုင်အမာပြုလုပ်ထားကြောင်းလည်း သိရသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ