Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့တွင် ရပ်ကွက် ၂ ခုနှင့် ရွာ ၁ရွာကို ၅ကြိမ်ထက်မနည်း စစ်ကောင်စီအဖွဲ့ ဗုံးကြဲတိုက်ခိုက်၊ ထွေအုပ်ရုံးနှင့် နေအိမ်အများအပြား မီးလောင်နေ

ရက္ခိုင်ပြည်၊ မင်းပြားမြို့ရှိ ရပ်ကွက် ၂ ခုနှင့် ရွာ ၁ရွာ တို့ကို စစ်ကောင်စီအဖွဲ့က  ယမန်နေ့ ဧပြီလ ၂၉ ရက် ညနေပိုင်းအချိန်မှ ယနေ့ ဧပြီ ၃၀ ရက်နေ့ နံနက်ပိုင်းအချိန်အထိ တိုက်လေယာဉ်များဖြင့်  ၅ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့်  ထွေအုပ်ရုံးအပါအဝင်  နေအိမ်အများအပြား မီးလောင်နေကြောင်း မြို့ခံများက အတည်ပြုပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် မင်းပြားမြို့ထဲရှိ ကံ့ကော်မြိုင်ရပ်ကွက်နှင့် သပြေညိုရပ်ကွက် အပါအဝင် အိမ်ရှေ့မင်းကျေးရွာတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကံ့ကော်မြိုင်ရပ်ကွက်မှ ထွေအုပ်ရုံးအပါအဝင် လူနေအိမ်များနှင့် သပြေညိုရပ်ကွက်မှ နေအိမ်များ ယခုအချိန်ထိ မီးဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ယနေ့ ဧပြီလ ၃၀ ရက်၊ နံနက် ၁၀ နာရီခန့်အချိန်တွင်လည်း မင်းပြားမြို့ကို စစ်ကောင်စီအဖွဲ့သည့် တိုက်လေယာဉ် အသုံးပြုကာ လေကြောင်းမှ ၂ ကြိမ်တိုင် လာရောက်ဗုံးတိုက်ခိုက်ခဲ့ကြောင်း ကံ့ကော်မြိုင်ရပ်ကွက်မှ မြို့ခံ ၁ဦးက AB News သို့ ပြောသည်။

“ဒီနေ့ မနက်အချိန်မှာတောင် ၂ကြိမ် ဗုံးလာကြဲသွားတယ်။ မြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးအနီးက မီးခိုးတွေ ထွက်နေတာ တွေ့ရတယ်။ ကံကော်မြိုင် ရပ်ကွက်နဲ့ သပြေညို ရပ်ကွက်မှာလည်း မီးလောင်နေတယ်” ဟု ဆိုသည်။

ယမန်နေ့ ညနေပိုင်းအချိန်တွင်လည်း မင်းပြားမြို့နယ်ရှိ  မင်းပြား-ပေါက်တောကားလမ်းအနီး တည်ရှိသည့် အိမ်ရှေ့မင်းရွာကို စစ်ကောင်စီအဖွဲ့က ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြို့ခံပြည်သူများနှင့် ဒေသခံအရပ်သားများမှာ ဘေးလွတ်ရာသို့ ထပ်မံထွက်ပြေးနေရကြောင်း သိရသည်။

မင်းပြားမြို့ရှိ စစ်ကောင်စီ၏ ခမရ ၃၈၀ ကို ဇန်နဝါရီလ ၂၈ ရက်တွင် သိမ်းပိုက်ခဲ့ပြီ ခမရ ၃၇၉ နှင့် ၅၄၁ တပ်ရင်းတို့ကို AA တပ်ဖွဲ့ဝင်များက ဆက်လက်တိုက်ခိုက်ခဲ့ရာ နောက်ထပ် ၉ ရက်အကြာတွင် သိမ်းပိုက်နိုင်ခဲ့ပြီး မင်းပြားမြို့ကို  ဖေဖော်ဝါရီ ၆ ရက်တွင် အလုံးစုံသိမ်းပိုက်လိုက်ကြောင်း အာရက္ခတပ်တော် AA က ထုတ်ပြန်ခဲ့သည်။

စစ်ရှုံးအကြမ်းဖက်စစ်ကောင်စီသည် လက်လွှတ်ဆုံးရှုံးလိုက်ရသည့် ရက္ခိုင်ဒေသရှိ မြို့နယ် ၉မြို့နယ်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေပြီး အရပ်သားပြည်သူများမှာ နေ့စဉ်ရက်ဆက် သေကြေပျက်စီးနေကြရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ