သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့တွင် မြေမြှုပ်မိုင်းနင်းမိ၍ အရပ်သားတစ်ဦး ခြေတစ်ဖက်ပြတ်ထွက်သွား

AB News – ဇူလိုင် ၁၁၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မင်ပြားမြို့၌ ယနေ့ ဇူလိုင်လ ၁၁ရက်၊ နံနက် ၁၀နာရီခွဲ အချိန်တွင် မိုင်းနင်းမိပြီး မြို့ခံအရပ်သား တစ်ဦးမှာ ဘယ်ခြေတစ်ဖက် ပြတ်ထွက်သွားကြောင်း သိရှိရသည်။

မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်ထွက်သွားသူမှာ မင်းပြားမြို့၊ အောင်သာယာရပ်ကွက်မှ အဖဦးမဲမောင် ၏ သား မောင်အောင်သာချေ ၂၂နှစ် ဖြစ်ကြောင်း သိရသည်။

မိုင်းနင်းမိသူ မောင်အောင်သာချေမှာ ဦးကျော်ကျော်နိုင်နှင့် ခမရ ၃၇၉ တပ်ရင်းတွင် မျှစ်ချိုးရန် သွားစဥ် စစ်ကောင်စီအဖွဲ့ ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်အား နင်းမိကာ ခြေတစ်ဖက် ပြတ်ထွက်သွားကြောင်း အောင်သာယာရပ်ကွက်မှ ကိုနိုင်စိုးက AB News သို့ ပြောသည်။

” မောင်အောင်သာချေနဲ့ ဦးကျော်ကျော်နိုင်ဟာ ဒီနေ့ မနက် ၉ နာရီမှာ အောင်သာယာရပ်ကွက်ရှေ့က တောင်တန်းမှာ မျှစ်ချိုးသွားရာမှာ မိုင်းနင်းမိတာပါ။ အောင်သာချေမှာတော့ ဘယ်ခြေတစ်ဖက် ပြတ်ထွက်သွားပြီး ညာခြေလည်း ပွန်းသွားပါတယ်” ဟု ဆိုသည်။

မိုင်းနင်းမိပြီး ဒဏ်ရာရရှိထားသည့် လူနာမှာ လက်ရှိတွင် အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

“လူနာက ဒဏ်ရာပြင်းထန်တဲ့အတွက် အရေးပေါ် ဆေးကုသမှု ခံယူနေရပါတယ်။ မြင်တွေ့ရတာကတော့ လူနာက သွေးထွက်များပြီး သတိလစ်မေ့မြောနေပါတယ်” ဟု ဆိုသည်။

အဆိုပါ မိုင်းပေါက်ကွဲသည့် နေရာမှာ စစ်ကောင်စီ၏ ခမရ ၃၇၉ တပ်ရင်းအတွင်း၌ ဖြစ်ပြီး လက်ရှိတွင် မြေမြှုပ်မိုင်းများ ရှိနေသည့်အတွက် အရပ်ပြည်သူများကို သွားလာခွင့် ကန့်သတ်ထားသည့် နယ်မြေဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၇ရက်နေ့တွင် မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှ ကိုမောင်ဆန်းသိန်းမှာ ကျေးရွာအနီးရှိ တောင်တန်းတွင် ထင်းခုတ်နေစဥ် မြေမြှုပ်မိုင်း နင်းမိ၍ သေဆုံးခဲ့ရသည်။

ထို့အတူ ပြီးခဲ့သည့် ဇူလိုင်လ ၇ရက်နေ့တွင်လည်း မြေမြှုပ်မိုင်းနင်းမိကာ ဂွမြို့နယ်၊ ကျိန္တလီမြို့မှ အမျိုးသား တစ်ဦး ခြေတစ်ဖက်ပြတ်ထွက်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ