Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားနယ်တွင် စစ်ကောင်စီ၏ဗုံးကြဲတိုက်ခိုက်မှုကြောင့် သက်တော် ၈၃နှစ်ရှိ ဆရာတော် တစ်ပါးအပါအဝင် စစ်ဘေးရှောင် ၈ဦး ထိခိုက်ဒဏ်ရာရ

(မင်းပြားမြို့နယ်တွင် စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၆၂ ဦးထက်မနည်းသေဆုံးခဲ့ရပြီး၊ ဒဏ်ရာရရှိသူ ၁၈၇ ဦးထက်မနည်းရှိလာ)

AB News – မေ ၂၂၊ ၂၀၂၄

မင်းပြားမြို့နယ်၊ ခေါင်းလောင်းရွာဟောင်းကို ယနေ့ မေလ ၂၂ရက်၊ မွန်းလွှဲ ၁၂နာရီကျော်အချိန်တွင်  စစ်ကောင်စီအဖွဲ့က  တိုက်လေယာဉ်ဖြင့် လာရောက်ကာ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် သက်တော် ၈၃ နှစ်ရှိ ဆရာတော် တစ်ပါးအပါအဝင် စစ်ဘေးရှောင် ၈ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၄ ခုနှစ် မေလ ၂၂ ရက်နေ့အထိ မင်းပြားမြို့နယ်တွင် စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၆၂ ဦး သေဆုံးခဲ့ရပြီး ၁၈၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ကို တွေ့ရသည်။

ဒဏ်ရာရရှိသူခဲ့သူများမှာ မင်းပြားမြို့နယ်၊ ခေါင်းလောင်းရွာဟောင်းဘုန်းတော်ကြီးကျောင်းမှ အရှင်ဉာဏစက္က (သက်တော် ၈၃ နှစ်)၊ ကျွန်းညိုရပ်ကွက်မှ စစ်ရှောင်လာသည့် စစ်ဘေးဒုက္ခသည် ဒေါ်ငြိမ်းငြိမ်းဝေ ၃၅နှစ်၊ ဒေါ်သိန်းသိန်း ၆၆နှစ်၊ ဦးကျော်လင်းဦး ၃၈နှစ်၊ ဒေါ်မထွီး ၅၃နှစ်၊ ကိုငြိမ်းချမ်း ၂၃နှစ်၊ ကိုလပြည့် ၂၃နှစ်နှင့် ဥက္ကာပျံရပ်ကွက်မှ ဦးဇော်မင်းလတ် ၄၁နှစ်နှင့် အဝေးပြေးကားဂိတ်မှ ဦးတင်ထွန်း ၅၃နှစ်တို့ ဖြစ်သည်။

ယနေ့ မွန်းလွှဲ ၁၂နာရီကျော်ခန့်အချိန်တွင် စစ်ကောင်စီ၏ လေတပ်မှ မင်းပြားမြို့နယ်၊ ခေါင်းလောင်း ရွာဟောင်းနှင့် အဝေးပြေး ကားဂိတ်တို့ကို့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ခေါင်းလောင်း ရွာဟောင်းကျေးရွာမှ ရွာသား တစ်ဦးက AB News သို့ ပြောဆိုသည်။

” ဒီနေ့ မွန်းလွှဲ ၁၂နာရီကျော်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ခေါင်းလောင်းရွာရဲ့ ဘုန်းကြီးကျောင်းနဲ့ နေအိမ်အချို့လည်း ဗုံးကြဲခံခဲ့ရပါတယ်။ ရွာရဲ့ ထွက်ဝက အဝေးပြေးကားဂိတ်လည်း ဗုံးကြဲခံခဲ့ရပါတယ်။ ခေါင်းလောင်းရွာက ဆရာတော်တစ်ပါးနဲ့ ရွာသားတစ်ဦးအပါအဝင် ၈ဦး ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ဆိုသည်။

အဆိုပါ ခေါင်းလောင်းရွာဟောင်းကျေးရွာမှာ မင်းပြား- မြောက်ဦး- အမ်းလမ်းတို့၏ ဆုံမှတ်ဖြစ်သည့် လမ်းဆုံအနီးတွင် တည်ရှိသည်။

ဗုံးကြဲတိုက်ခိုက်မှုအတွင်း ခေါင်းလောင်းရွာဟောင်းမှ ဘုန်းတော်ကြီးကျောင်းအပါအဝင် လူနေအိမ် ၆လုံးနှင့် အဝေးပြေးကားဂိတ်မှ အဆောက်အဦးအချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

ဧပြီလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့် အချိန်၌ မင်းပြားမြို့တွင် စစ်ကောင်စီအဖွဲ့က တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့်   ဈေးဟောင်းပိုင်း၊ ဥက္ကာပျံ၊ သပြေညိုရပ်ကွက်နှင့် အိမ်ရှေ့မင်းရွာမှ မြို့ခံ ၁၀ဦးထက်မနည်း ဗုံးစထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့ရသည်။

ယမန်နေ့ မေလ ၂၁ရက်၊ နံနက် ၃နာရီ၊ ၄၀ မိနစ်ခန့်အချိန်တွင် စစ်ကောင်စီအဖွဲ့က မောင်တောမြို့နယ်မှ ကျေးရွာ ၃ရွာသို့  ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး တစ်ဦးသေဆုံးခဲ့ပြီး ၁၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

အလားတူ မေလ ၂၁ရက်၊ ညနေ ၄နာရီ၊ ၄၆မိနစ်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ပလက်ဝဒေသအတွင်းရှိ တရွန်အိုင်ရွာသို့ တိုက်လေယာဉ်ဖြင့် ၃ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံ ၂ဦး သေဆုံးပြီး ၃ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် အာရက္ခတပ်တော် ထိမ်းချုပ်ဒေသများရှိ စစ်ဘေးရှောင်များ စုဝေးရာနေရာများ၊ ဆေးရုံ၊ ဆေးခန်းများ၊ သာသနိကအဆောက်အဦးများနှင့် လူနေ ရပ်ကွက်၊ ရွာများအား ကြည်း၊ ရေ၊ လေ အဆက်မပြတ် တိုက်ခိုက်လျက်ရှိသောကြောင့် ပြည်သူများမှ အသက်အန္တရာယ်ဖြင့် နေ့စဥ်ရင်ဆိုင်ရလက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ