သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားတိုက်ပွဲအတွင်း ကျိန်းတောင်စေတီနှင့် တောင်မော်ဦးဘုရားတို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ဖျက်ဆီး

AB News- သြဂုတ် ၁၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မင်းပြားမြို့တိုက်ပွဲအတွင်း စစ်ကောင်စီက တောင်မော်ဦးရပ်တော်မူဘုရားနှင့် ကျိန်းတောင်ဓာတ်တော်တို့အား ရဟတ်ယာဥ်များဖြင့်ပစ်ခတ်ဖျက်ဆီးသွားခဲ့သည်ကို AB News သတင်းထောက်များကတွေ့ရှိခဲ့ရသည်။

စစ်ကောင်စီက ရဟတ်ယာဥ် ၂ စီးဖြင့်ပစ်ခတ်မှုကြောင့် တောင်မော်ဦးရပ်တော်မူဘုရား၏ ရင်ခွင်တစ်ခုလုံးနှင့် စေတီတော်တွင်လည်း ကျည်ပေါက်ရာအချက် ၃၀ ကျော်ထက်မနည်းရှိနေသည်ကိုတွေ့ရသည်။

အလားတူ စစ်ကောင်စီ၏ ရဟတ်ယာဥ်ဖြင့်ပစ်ခတ်မှုကြောင့် ကျိန်းတောင်ဇီဝှာဓာတ်တော်တွင်လည်း ဓာတ်​တော်၏ထိပ်ဖူးသံထီးတော်မှာ ကျိုးကျပျက်စီးသွားသည်ကိုမြင်တွေ့ရသည်။

စစ်ကောင်စီသည် ရဟတ်ယာဥ်များဖြင့် အပြစ်မဲ့ပြည်သူများအပါအဝင် ဘုရားပုထိုးတော်များကိုပါဖျက်ဆီး တိုက်ခိုက်သည်ကိုတွေ့​ရကြာင်း မင်းပြားဒေသခံတစ်ဦးက AB News သို့ပြောသည်။

“စစ်ကောင်စီတပ်သားတွေက ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ရုံတင်မကလို့ သမိုင်းဝင်စေတီတော်တွေကို ဖျက်ဆီးခဲ့တယ်။ ဒါက ရက္ခိုင်လူမျိုးတွေရဲ့ အမွေအနှစ်တွေမကျန်အောင် ဖျက်ဆီးတဲ့သဘောပဲ” ဟုဆိုသည်။

ရက္ခိုင်တွင် စစ်ကောင်စီက ဂျက်တိုက်လေယာဥ်၊ ရဟတ်ယာဥ်များဖြင့် မြောက်ဦးမြို့ ရှေးဟောင်းယဥ်ကျေးမှုပြတိုက်၊ ဘုရားပုထိုးများ၊ ပုဏ္ဏားကျွန်းမြို့ရှိ ဦးရာဇ်တောင်၊ ဂူဝဘုရား နှင့် ပေါက်တောမြို့နယ်ရှိ ဓာတ်တောင်စေတီတော်မြတ်အား ပစ်ခတ်ဖျက်ဆီးခဲ့သည်ကိုတွေ့ရသည်။

ပေါက်တောတိုက်ပွဲအတွင်း စစ်ကောင်စီက လောကထိပ်ပန်ဆုတောင်းပြည့်ဘုရားကြီးကို ဂျက်ဖိုက်တာဖြင့်ပစ်ခတ်ခဲ့သည့်အပြင် မြို့နယ်များတွင် ရှိသည့်စေတီပုထိုးများကိုလည်းပစ်ခတ်ဖျက်ဆီးခဲ့သည်ကိုတွေ့ရသည်။

စစ်ကောင်စီသည် ရက္ခိုင်ပြည်အနှံ့ရှိ ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်သည့် ဘုရား ပုထိုးများ တည်ရှိရာ တောင်ကုန်းများ၊ သာသနိက အဆောက်အဦးများတွင် စခန်းချ နေထိုင်ခြင်း၊ တပ်စွဲ နေထိုင်ခြင်းများ ပြုလုပ်ခဲ့ပြီး ၎င်းတပ်စခန်းများ ဆုတ်ခွာပြီးသည်နှင့် သက်သေများအား ဖျောက်ဖျက်ရန် လေကြောင်းမှ ဗုံးကြဲဖျက်ဆီးမှု ပြုလုပ်လေ့ရှိသည်ကို တွေ့ရသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားရေးနှင့် စစ်ဥပဒေများအရ ကန့်သတ်ထားသည့် စာသင်ကျောင်း၊ ဆေးရုံ၊ သာသနိကအဆောက်အဦး၊ လူနေကျေးရွာ၊ ရပ်ကွက်များကို ကြည်း၊ရေ၊ လေ ဖြင့် ပစ်မှတ်ထား ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

မင်းပြားမြို့ကို အာရက္ခတပ်တော် AA က ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း AA ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လက်ရှိတွင်အာရက္ခတပ်တော်(AA)သည် ရက္ခိုင်ရှိ

စစ်ကောင်စီထိန်းချုပ်ထားသည့် နယ်မြေများအား ဆက်လက်ထိုးစစ်ဆင် တိုက်ခတ်နေကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ