AB News – ဒီဇင်ဘာ ၄ ၊ ၂၀၂၄
ရက္ခိုင်ပြည် ၊ ဘူးသီးတောင်မြို့ရှိ ပြည်သူပိုင်နေအိမ်များမှ သူခိုးများခိုးယူထားသောပစ္စည်းများကို အာရက္ခတပ်တော် AA က ပိုင်ရှင်များအား ပြန်လည် အပ်နှံကြောင်းကို AA က ထုတ်ပြန်လိုက်သည်။
မြို့သိမ်းတိုက်ပွဲများကြား အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရများ၏ အုပ်ချုပ်ရေး ၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့လုံခြုံရေးအစီအမံများကို ကောင်းမွန်စွာမချထားနိုင်သည့်အခြေအနေများနှင့် ဟာကွက်များရှိသည့်အခိုက်အတန့်တွင် မြို့အသီးသီးမှ သူခိုးများသည် ပြည်သူပိုင်နေအိမ်များမှ ပစ္စည်းများနှင့် လွယ်ကူစွာ သယ်ယူ နိုင်သောပစ္စည်းများကို ခိုးယူဖျက်ဆီးသွားခြင်းများကိုတွေ့ရှိရကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ၊မေလ ၁၈ ရက်တွင် အာရက္ခတပ်တော်AA က ဘူးသီးတောင်မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီးနောက်ပိုင်း ဘူးသီးတောင်မြို့ပေါ်ရပ်ကွက်များမှ ပြည်သူပိုင်နေအိမ်များ ၊ တိုက်တာအဆောက်အအုံများကို တမင်ရည်ရွယ်မီးရှိုးဖျက်ဆီးခဲ့သူများ နှင့် သူခိုးများအား အာရက္ခတပ်တော် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွယ်ဖမ်းဆီးပြီး သက်သေခံပစ္စည်းများနှင့် ထွက်ဆိုချက်များအပေါ်အခြေခံ၍ တရားဥပဒေနည်းလမ်းကျကျ အပြစ်ပေးအရေးယူလျက်ရှိကြောင်း ထုတ်ပြန်ချက်အရသိရှိရသည်။
ဖမ်းဆီးရရှိသောသူခိုးအများစုမှာ ဘူးသီးတောင်မြို့မှ မူဆလင်များဖြစ်ကြပြီး ၊ ၎င်းတို့သည် အကြမ်းဖက်စစ်ကောင်စီ၏သင်တန်းဆင်းသူများ၊ အကြမ်းဖက် မီးရှိုးဖျက်စီးကြသူများနှင့် ARSA /ARA /RSO များနှင့်ဆက်စပ်နေကြသူများဖြစ်ကြောင်း AA၏ ထုတ်ပြန်ချက်တွင်ပါသည်။
လက်ရှိကြုံတွေ့နေကြရသော ပြည်သူလူထု၏စားဝတ်နေရေးအခက်အခဲကိုဖြေရှင်းနိုင်ရန်အတွက် သိမ်းဆည်းရရှိထားသော ပိုင်ရှင်မဲ့ပစ္စည်းများကို ပြည်သူပိုင်ပစ္စည်အဖြစ်သတ်မှတ်ပြီး အခမ်းအနားကျင်းပပြီးလွှဲပြောင်းပေးခြင်းဖြစ်ကြောင်း ဟုဆိုသည်။
ထပ်ပြီးကျန်ရှိသောပစ္စည်းများအားလည်း လုံခြုံရေး အာမခံချက်ရရှိသောအခြေအနေများနှင့်နေ့ရက်များတွင် ပိုင်ရှင်အစစ်အမှန်များထံသို့ ဆက်လက်အပ်နှံသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဘူသီးတောင်မြို့မှ ပိုင်ရှင်များသည် လက်ရှိကြုံတွေ့နေကြရသော အခက်အခဲများကိုဖြေရှင်းပေးရန်အတွက် အုပ်ချုပ်ရေးအဖွဲ့များအား တောင်းဆိုခြင်းများရှိခဲ့သည့်အတွက်ကြောင့် တိုက်ပွဲအတွင်းမပျောက်မပျက်ဘဲ ကျန်ရှိခဲ့သောပစ္စည်းများနှင့် အာရက္ခတပ်ဖွဲ့ဝင်များက လုံခြုံမည့်နေရာသို့ပြောင်းရွေ့ထားသောပစ္စည်းများကို ပိုင်ရှင်များအား အကန့်အသတ်ဖြင့်ပြန်လည်ယူဆောင်ခွင့်ပေးထားကြောင်း ထုတ်ပြန်ချက်အရသိရှိရသည်။
၂၀၂၄ ၊စက်တင်ဘာလ ၁၃ ရက်နေ့ တွင်လည်း မြို့သိမ်းတိုက်ပွဲများကြားကသိမ်းဆည်းရမိခဲ့သော ပြည်သူပိုင်ပစ္စည်းများကို အာရက္ခတပ်တော် AA က ပိုင်ရှင်များထံပြန်လည်ပေးအပ်ခဲ့သည်ကိုတွေ့ရသည်။