Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ၄ခုနှင့် စကခ ၁၅ ဘူးသီး‌တောင် တပ်မဌာနချုပ်တို့ကို အာရက္ခတပ်တော် (AA) သိမ်းပိုက်

ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ၄ခုနှင့် စကခ ၁၅ ဘူးသီး‌တောင် တပ်မဌာနချုပ်တို့ကို အပြီးသတ် သိမ်းပိုက်ခဲ့ကြောင်း အာရက္ခတပ်တော်(AA)က မေလ ၄ရက်တွင် ထုတ်ပြန်သည်။

“လက်ရှိအချိန်တွင် ခမရ (၅၅၂)၊ ခမရ (၅၆၄) ၊ ခမရ(၅၆၅)၊ ခမရ (၅၅၁) နှင့် စကခ (၁၅) ဘူးသီးတောင် တပ်မဌာနချုပ် စခန်းတိုအား မိမိတို့မှ အပြီးသတ် သိမ်းပိုက် ရယူထားပြီး ဖြစ်သည်” ဟု ဖော်ပြထားသည်။

“စကခ (၁၅) ဘူးသီးတောင်”လက်အောက်ရှိ တပ်ရင်းများ ဖြစ်ကြသော ခမရ (၃၄၅)၊ ခမရ (၃၅၂)၊ ခမရ (၃၅၃)၊ ခမရ (၅၃၅)၊ ခမရ (၅၅၁)၊ ခမရ (၅၅၂)၊ ခမရ (၅၆၄)၊ ခမရ (၅၆၅) တပ်ရင်းများနှင့် “ဘူးသီးတောင်ဗျူဟာ” လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခလရ (၂၃၃)၊ ခလရ (၂၃၄)၊ ခလရ (၂၆၃) နှင့် အမတ (၃၇၈) တို့ကို အာရက္ခတပ်တော် မှ တစ်ခုပြီး တစ်ခု ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

ခမရ ၅၅၂ တပ်ရင်းအား မတ်လ ၂၅ ရက်၊ ခမရ ၅၆၄ တပ်ရင်းအား ဧပြီလ ၅ ရက်၊ ခမရ ၅၆၅ တပ်ရင်းအား ဧပြီလ ၂၄ ရက်၊ စကခ (၁၅) ဘူးသီးတောင် တပ်မဌာနချုပ်အား မေလ (၂) ရက်နေ့နှင့် ခမရ ၅၅၁ တပ်ရင်းအား မေလ ၃ ရက်နေ့တို့၌ အသီးသီးသိမ်းပိုက်ခဲ့သည်။

စကခ ၁၅ တပ်မဌာနချုပ်အား အာရက္ခတပ်တော်မှ  ကာလအတန်ကြာ ဝိုင်းရံပိတ်ဆိုထားခဲ့ပြီး ဧပြီလ နောက်ဆုံးအပတ်မှ ထိုးစစ်အားအရှိန်မြှင့်ခဲ့ကာ ၁၂ ရက်ကြာ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မေလ ၂ရက်နေ့တွင် သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် လက်နက်ချ အညံ့ခံသော သုံ့ပန်းများကို ဖမ်းဆီး ရမိထားကြောင်း ထုတ်ပြန်ခဲ့သည်။

ခမရ ၅၅၁ နှင့် စကခ ၁၅ တပ်မဌာနချုပ်မှ ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများအား လိုက်လံရှင်းလင်း တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့ပြီး စခန်းစွန့်ခွာ ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်သားများသည် ဘူးသီးတောင်မြို့နယ်၊ တန်းရှောက်ခံရွာအတွင်းမှ ခုခံကာကွယ်မှုများရှိခဲ့သော်လည်း အာရက္ခတပ်တော်မှ ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဖက်မှ ထိခိုက်၊ သေဆုံးမှုများ များပြားခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်-မောင်တော ကားလမ်းတစ်လျှောက် စစ်ကောင်စီ၏ စခန်းများဖြစ်ကြသော တာဝါတိုင် စခန်းကုန်း၊ ၆ မိုင်စခန်းကုန်း၊ နခခ-၁ (ကျီးကန်းပြင်)နှင့် နခခ-၁၀ (လှဖိုးခေါင်) စခန်းကိုလည်း သိမ်းပိုက်ရရှိခဲ့သည်။

ထို့အတူ မောင်တော၊ အမ်း၊ ကျောက်ဖြူ၊ သံတွဲ မြို့များ၌လည်း စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့သည် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အမ်းမြို့နယ်အတွင်းရှိ တောဟိန်းတောင်ဗျူဟာအား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ