သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်မြို့ကို အာဏာသိမ်း စစ်ကောင်စီနှင့် ဘာသာရေး၊ လူမျိုးရေးအစွန်းရောက် မူဆလင်များ မီးရှို့ခဲ့ခြင်းဖြစ်

AB News-ဇူလိုင် ၁၀၊ ၂၀၂၄

ရက္ခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်ခရိုင် ဘူးသီးတောင်မြို့တွင်ရှိသည့် နေအိမ်စုစုပေါင်း ၂၉၀၉ အိမ် မီးရှို့ခံရ၍ မီးလောင်ပြာကျသွားခဲ့ပြီး ၎င်းတို့ထဲတွင် ရက္ခိုင်အိမ် ၂၂၃၇ အိမ်၊ မူဆလင်အိမ် ၅၅၀ အိမ်၊ ဟိန္ဒူအိမ် ၁၂၂ အိမ်တို့ ဖြစ်ကြကြောင်း ULA/AA ၏ နဝမအကြိမ်မြောက် ဇွန်လ ၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ကြေငြာခဲ့သည်။

ထို့အပြင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၁၅ကျောင်း၊ ခရစ်ယာန်ဘာသာရေးကျောင်း ၇ ကျောင်းတို့မှ တန်ဖိုးရှိ ပစ္စည်းများကို လုယူခံခဲ့ရသည့်အပြင် မီးရှို့ဖျက်ဆီးလည်း ခံခဲ့ရသည်ကို AB News သတင်းထောက်များ ကွင်းဆင်းလေ့လာတွေ့ရှိရသည်။

ဘူးသီးတောင်မြို့ထဲသို့ Arakan Bay News သတင်းထောက်များအဖွဲ့သည် ဇွန်လ အတွင်းက သွားရောက်ခဲ့ပြီး ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ ဘာသာရေးခေါင်းဆောင်များ၊ UN ဝန်ထမ်းများအပါအဝင် ဒေသခံ ၅၀ ကျော်တို့အား ရုပ်သံ အင်တာဗျူးရယူနိုင်ခဲ့သည်။

အင်တာဗျူးများတွင် ဘူးသီးတောင်မြို့ကို မည်သူ၊ မည်သည့်အဖွဲ့အစည်းများက မည်သို့ မီးရှို့ဖျက်ဆီးခဲ့သည်ကို စိစစ်မေးမြန်းထားရာ လူမျိုးရေး၊ ဘာသာရေးအစွန်းရောက် မူဆလင်များက မီးရှို့သည်ကို အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ၎င်းတို့ စစ်သင်တန်းပေးထားသည့် မူဆလင်များ၊ ARSA, ARA, RSO အဖွဲ့များက လုံခြုံရေး ယူပေးခဲ့ကြောင်း ပြောဆိုကြသည်ကို တွေ့ရသည်။

ဘူးသီးတောင်မြို့ကို မီးရှို့ခဲ့သည်မှာ မူဆလင်များဖြစ်ကြပြီး၊ ရက္ခိုင်အိမ်များမှ ၎င်းတို့ လိုချင်သည့် ပစ္စည်းများကို အရင်ဆုံး ယူ၍ ပြောင်းရွှေ့ခဲ့ကြသည်ဟု ကိုယ်တိုင် တွေ့မြင်ခဲ့ရသည့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၊ ဘူးသီးတောင်ရုံးခွဲတွင် လုံခြုံရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဘူးသီးတောင်မြို့ အမှတ် ၆ ရပ်ကွက်မှ ကိုကိုနိုင်က ပြောသည်။

“မီးရှို့တာက မူဆလင်တွေပါ။ မီးမရှို့ခင် ပထမဆုံး သူတို့က ရခိုင်တိုင်းရင်းသားအိမ်တွေက ပစ္စည်းတွေကို ယူကြပါတယ်။ ပစ္စည်းတွေ ယူပြီးတာနဲ့ မီးရှို့ကြပါတယ်။ ကျနော်တို့ ဘူးသီးတောင်မြို့မှာ ဖြစ်စဉ် အစအဆုံးနေလာခဲ့တော့ သူတို့လုပ်သမျှ အကုန်မြင်ရပါတယ်။ ၃ လပိုင်းကတည်းက ကျနော်တို့ နေလာခဲ့တာပါ။ သူတို့ မီးမရှို့ခင် ပစ္စည်းတွေယူနေတာမြင်တော့ ပစ္စည်းတွေယူပြီးရင် အိမ်တွေတော့ မီးမရှို့ဖို့ သွားရောက် ဟန့်တားခဲ့ပါတယ်။ အဲ့ဒီအချိန် ဟုတ်ကဲ့လို့ပြောပြီးတော့ ကျနော်တို့ ကျောခိုင်းတာနဲ့ မီးရှို့ကြတော့တာပါပဲ။ ဘူးသီးတောင်မြို့က မူဆလင် ၁၀၀ မှာ ၉၈ ရာခိုင်နှုန်းက ပစ္စည်းတွေယူပြီး မီးရှို့ကြပါတယ်။ အခုလို ကျူးလွန်တဲ့အထဲမှာ နယ်ကစစ်ဘေးရှောင်ပြီး ရောက်နေတဲ့ မူဆလင်တွေလည်း ပါပါတယ်။ ကျနော့်အိမ်က မီးလောင်တဲ့အထဲ မပါသွားပေမဲ့ အိမ်တိုင်ကိုနှုတ်၊ ကာထားတဲ့ ထရံတွေပါ ဖျက်ပြီးတော့ ယူသွားကြပါတယ်။ မီးမလောင်တဲ့ အိမ်တွေမှာရှိတဲ့ တံခါးပေါက်တွေ၊ ပြတင်းပေါက်တွေကိုလည်း အကုန်ဖြုတ်ပြီး ယူသွားကြပါတယ်။ အခေါင်မိုးမှာရှိတဲ့ သံဖြူတွေကိုလည်း အကုန်ခွာယူသွားကြပါတယ်။” ဟု ပြောသည်။

ဘူးသီးတောင်မြို့ အမှတ် (၄) ရပ်ကွက်မှ အင်္ဂလီကန်ခရစ်ယာန်ဘုရားကျောင်း မီးရှို့ခံခဲ့ရပြီး ကိုယ်တိုင် သေတွင်းမှ လွတ်မြောက်လာသည့် ခရစ်ယာန်ကျောင်းထိုင်ဆရာတော် ဦးသန်းဝင်းကလည်း စစ်ကောင်စီ၊ ARSA နှင့် ပြည်သူ့စစ်အမည်ခံမူဆလင်လက်နက်ကိုင်များက မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

“ကျနော်တို့ Church ကျောင်းကို ARSA အဖွဲ့က ဧပြီလ ၁၄ ရက်နေ့ ည၄ နာရီခွဲလောက်မှာ မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ ကျနော်တားမြစ်ခဲ့ပါတယ်။ ကျနော်နှင့်အတူ ကျနော်တို့ မိသားစုရှိတယ်။ ကျနော်တို့ အသင်းသူ တစ်ယောက်ရှိတယ်။ ပြီးတော့ ကျနော်တို့ ဓမ္မဆရာတစ်ယောက်ရှိတယ်။ ကျနော်တို့တားတယ်။ လုံးဝတားလို့မရပါ။ သူတို့က အထဲမှာ မနေကြနဲ့ လူပါ ပါသွားမယ်။ လူပါမီးရှို့ခံရမယ်ဆိုပြီး ပြောပါတယ်။ မူဆလင်အင်အားတွေလည်း အရမ်းများပါတယ်။ ကျနော်လည်း မှတ်တမ်းမှတ်ရာ ဓာတ်ပုံလည်း ရိုက်လို့မရ၊ ဓာတ်ပုံရိုက်ရင် အဲဒီနေရာမှာ ကျနော် မီးရှို့ခံရမယ်။ အဲဒါကြောင့် ကျနော်တို့ ရှောင်နေရပါတယ်။ လုံးဝကိုတားလို့မရပါ။ ဒါဟာ ဘာသာရေးအဆောက်အအုံဖြစ်တယ်။ အကြိမ်ကြိမ်ပြောပါတယ်။ ဆိုင်းဘုတ်ကြီးလည်း ထောင်ထားပါတယ်။ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်၊ အင်္ဂလီကန်အသင်းတော်၊ သာသနာ့မြေ၊ ဘူးသီးတောင်မြို့နယ်၊ အမှတ် (၄) သပြေကုန်းရပ်ကွက် ဆိုပြီးတော့ ဆိုင်းဘုတ်ထောင်ထားတာကို သူတို့ မူဆလင်တွေ မြင်ပါတယ်။ ဘာသာရေးအဆောက်အအုံကို ခုလိုမလုပ်ပါနဲ့လို့ ကျနော် အကြိမ်ကြိမ်အခါခါပြောပါတယ်။ မဆိုင်ဘူး၊ ဒါက ရက္ခိုင်တွေရဲ့ အိမ်တွေ ကြားထဲမှာ ဖြစ်တဲ့အတွက် မီးရှို့ရမယ်လို့ သူတို့ မူဆလင်တွေက ပြောပါတယ်။ ကျနော်တားတာ ဘယ်လိုမှ မရခဲ့ပါဘူး။” ဟုပြောသည်။

ထို့အပြင် ခရစ်ယာန်ဘုန်းတော်ကြီး ဦးသန်းဝင်းမှာ အာဏာသိမ်း စစ်ကောင်စီတပ်၏ အပေါင်းအပါ မူဆလင်လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ARSA အဖွဲ့၏ ညှင်းပမ်းနှိပ်စက်ခြင်းကို ခံခဲ့ရပြီး သတ်ဖြတ်ရန် ကျင်းထဲသို့ ချထားပြီးမှ ပြန်လည် လွတ်မြောက်လာသူ တစ်ဦးဖြစ်ကြောင်း ၎င်းကပြောသည်။

“ကျနော် ID ကဒ်ကိုလည်း ပြပါတယ်၊ ဒါလည်း စာဖတ်တတ်လား မဖတ်တတ်လား မပြောဘူး၊ ဒါပေမယ့်လည်း မင်းတို့ ရခိုင် မင်းတို့ ရခိုင်လို့ ပြောတယ်။ သူတို့ကျနော်ကိုလည်း သိတယ်၊ ကျနော့်ယောက္ဖကိုလည်း သိတယ်။ နောက်ဆုံးမှာ ကျနော့်ကို လက်ပြန်ကျောတုတ်ပြီး သေနတ်ဒင်နဲ့ ထုတယ်၊ ကျနော် သတိမေ့မတတ်ဖြစ်ပြီး ကျင်းထဲကျသွားပါတယ်။ ကျင်းထဲမှာထည့်ပြီး အဲဒါဘာလဲ မင်းသိလားလို့ မေးတယ်။ ကျင်းပါလို့ ကျနော်က ဖြေတယ်။ ဒီကျင်းမှာ မင်းကို အရှင်လတ်လတ်မြှုပ်မယ်၊ မြှုပ်ပါ ကျနော်ဟာ အပြစ်ရှိတဲ့ လူမဟုတ်ပါ၊ ဘုရားကို ကျနော်ဆုတောင်းပါတယ်။ အို—ဘုရားသခင်! ကျနော်ဟာ ဘုရားအမှုတော်ဆောင် တစ်ပါးဖြစ်ပါတယ်။ သူတို့ စွပ်စွဲသလို သတင်းပေးဖို့လာတာလဲ မဟုတ်ပါ။ အမှန်တကယ် ကျနော်တို့မှာ အစ်ကိုတော်တဲ့ လူ ၂ယောက် ပျောက်သွားလို့ ရှာဖို့လာတာသာဖြစ်ပါတယ်။ သတ်ရင်လည်း ဘုရားသခင်၏ အလိုတော်အတိုင်းသာ သတ်ပါ ဆိုပြီး ဝန်ခံပါတယ်။ ဝန်ခံတဲ့ခါ သူတို့က ကျင်းထဲက ပြန်ဆွဲထုတ်ကြပါတယ်။ အမှန်အတိုင်းကိုပြောပါ၊ သတ်ဖို့မဟုတ်ပါလို့ ပြောပါတယ်။ အဖမ်းခံရခါနီးမှာ ကျနော် ဝေါ့ကီတိုကီကိုင်လို့ နယ်ခြားစောင့်တစ်ယောက်ကို တောင်းပန်ပါတယ်။ ဆရာတို့ ကျနော်တို့ကို ကယ်ပါ၊ တာဝန်ရှိတဲ့ အထက်က လူကြီးတွေကို ပြောပေးပါ။ ကျနော်တို့ဟာ ဆရာတို့ကို ပြောထားတဲ့အတိုင်း ပျောက်သွားတဲ့ လူ ၂ ယောက်ကို ရှာနေကြတာသာဖြစ်ပါတယ်လို့ ကျနော် ပြောခဲ့ပါတယ်။ ကျင်းထဲက ဆွဲတင်လို့ ၅ မိနစ်လောက်အကြာမှာ လမ်းလျှောက်စကားပြောစက် (ဝေါ့ကီတိုကီ) နဲ့ အသံတစ်ခုရောက်လာပါတယ်။ ဒီလူတွေဟာ ဂန္ဓာရီရွာက လူတွေပဲ ဖြစ်ပါတယ်။ လူပျောက်လို့ လိုက်ရှာတဲ့ သူတွေသာဖြစ်ပါတယ်။ လူကောင်းတွေပါ၊ ပြန်လွှတ်ပေးလိုက်ပါဆိုတဲ့ခါမှ လွတ်လာတာပါ။ ၂ နာရီ ၃ နာရီလောက် ညှင်းပမ်းနှိပ်စက်ခံခဲ့ရပါတယ်။ အိမ်ကိုရောက်တာနဲ့ လုံးဝ ထလို့ မရောက်တော့ပါဘူး။ အဲဒါက မေလ ၁၁ ရက်နေ့ပါ။ လူ ၂ယောက်ပျောက်သွားတာက မေလ ၁၀ ရက်နေ့ကပါ။” ဟုပြောသည်။

ဘူးသီးတောင်မြို့ထဲကို အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ၎င်းတို့၏ အပေါင်းအပါ ARSA၊ RSO၊ ARA၊ စစ်ကောင်စီသင်တန်းပေးမူဆလင်များနှင့် လူမျိုးရေး၊ ဘာသာရေးအစွမ်းရောက် မူဆလင်များက ဧပြီလ ၁၁ ရက်နေ့မှစတင်ကာ မေလ ၁၇ ရက်နေ့ ညနေ အထိ မီးရှို့ဖျက်ဆီးခဲ့ကြောင်း မျက်မြင်သက်သေ ဘူးသီးတောင် ဒေသခံများက ပြောသည်။

“သက်သေအနေနဲ့ပြောရရင် ကျနော်တို့မှာ မျက်မြင်သက်သေရှိပါတယ်။ တပ်တော် (AA) က လုပ်တာမဟုတ်ပါ။ တပ်တော် မဝင်လာခင် မီးရှို့ခံထားရတာပါ။ တပ်တော်ဝင်ပြီးနောက် မီးလုံးဝမရှို့ပါ။ တပ်တော်က ၅ လပိုင်း၊ ၁၈ ရက်နေ့ မနက်ခင်း ဝင်လာတာပါ။ မဝင်ခင် ညပိုင်းမှာ စျေးကြီးမီးလောင်ပါတယ်။ မူဆလင်အကြမ်းဖက် အဖွဲ့အစည်း ARSA တွေနဲ့ ပြည်သူ့စစ်ကုလား (မူဆလင်) တွေ မီးရှို့ခဲ့တာပါ။ တပ်တော်ဝင်ပြီး နောက်ပိုင်းမှာ မီးရှို့တာ မရှိပါ။” ဟု UNHCR ဘူးသီးတောင်ရုံးခွဲ လုံခြုံရေးဝန်ထမ်း ကိုကိုနိုင်က AB News သို့ပြောသည်။

ဘူးသီးတောင်မြို့ထဲရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများထဲတွင်ရှိသည့် ဘုရားရုပ်ထုများကို ရိုက်ထုဖျက်ဆီးခြင်း၊ ဘုရားရုပ်ထုပေါ်တွင် မစင်များ စွန့်ထားခဲ့ခြင်းများလည်းတွေ့ရသည့်အပြင် ARSA အဖွဲ့ခေါင်းဆောင်ဟု လူသိများသည့် နေအိမ်များတွင် ဘုန်းတော်ကြီးကျောင်းမှ ပစ္စည်းအချို့ကိုလည်း တွေ့ရသည်။

ဘူးသီးတောင်မြို့၊ အမှတ် (၅) ရပ်ကွက် ပေါက်ပင်ရင်းဘုန်းတော်ကြီးကျောင်းရှိ ကြေးသွန်းဘုရားဆင်းတုတော် ၁ ဆူ၏ ရင်ဘနှင့် လက်တို့တွင် မစင်များ စွန့်ထားခဲ့သည်ကို တွေ့ရသည့်အပြင် ဘုရားဆင်းတုတော်များ၏ ဦးခေါင်းများ၊ လက်များကို ရိုက်ချီးဖျက်ဆီးထားခဲ့သည်ကိုလည်း တွေ့ရသည်။

ဘူးသီးတောင်မြို့ထဲရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို မေလ ၁၈ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် တစ်ခုမကျန် သိမ်းပိုက်ရရှိပြီးဖြစ်ကြောင်း အာရက္ခတပ်တော် AA က ထုတ်ပြန်ကြေညာခဲ့သည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ