သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘာသာပြန်ဆောင်းပါး

ဒီလ် မိုဟာမတ် (Dil Mohammed) ပျောက်ဆုံးခြင်း သို့ မူဆလင်များအတွက်  အသံတစ်ခု တိတ်ဆိတ်သွားခြင်း

(The Diplomat သတင်းဌာနတွင် ၂၀၂၃ ခုနှစ် မေလ ၁၇ ရက်နေ့က The Disappearance of Dil Mohammed: A Voice for the Rohingya Silenced ဆောင်းပါးအား Arakan Bay News က ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။

By Shafiur Rahman

ဘာသာပြန် – ကျော်ဇံ

ဇန်နဝါရီလ ၁၈ ရက်နေ့တွင် နှစ်နိုင်ငံ နယ်စပ်ကြားနေရာ (No Man’s Land)  ရှိ မူဆလင်ဒုက္ခသည်စခန်းတစ်ခုမှ ထင်ရှားသည့် မူဆလင်အရေး ကာကွယ်သူ ဒီလ်မိုဟာမတ်တစ်ယောက် ပြန်ပေးဆွဲခံခဲ့ရသည်။ ထိုအချိန်မှစ၍ သူအကြောင်းမကြားရတော့ပေ။

သံစူးခြံစည်းရုံးကာထားသည့် No Man’s Land တွင် Dil Mohammed ကိုတွေ့ရစဥ်

မြန်မာ-ဘင်္ဂလားဒေ့ရှ်ကြား ပဋိပက္ခများဖြင့် မတည်ငြိမ်သည့် နယ်စပ်ဒေသ၌ ဗရုတ်သုက္ခများကြားမှ အလွန်ပင် တည်ကြည်သည့် မူဆလင်အရေး ကာကွယ်မြှင့်တင်သူတစ်ဦး ပေါ်ပေါက်ခဲ့သည်။ မူဆလင်ဒုက္ခသည်တစ်ဦးဖြစ်သူ ဒီလ် မိုဟာမတ်သည် နှစ်နိုင်ငံ နယ်စပ်ကြားနေရာ (No Man’s Land) ရှိ မူဆလင် ဒုက္ခသည်စခန်း၏ အများသဘောတူ ပြောရေးဆိုခွင့်ရှိသူဖြစ်လာပြီး သူတို့မူဆလင်လူမျိုးတို့၏ အရေးကို မြှင့်တင်ကာကွယ်ရန် အလွန်ရှုပ်ထွေးလှသည့် စစ်ရေး၊နိုင်ငံရေး သပွတ်အူကို လေ့လာစုံစမ်းခဲ့သည်။ သို့ရာတွင် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် သူနေထိုင်သည့် စခန်းတစ်ခုလုံး ပြာကျသွားအောင်ထိ တိုက်ခိုက်၊ မီးရှို့ခံခဲ့ရပြီး အချိန်ကာလတာရှည်စွာ လွှမ်းမိုးလာခဲ့သည့် ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့ (RSO) ထံတွင် အဖမ်းခံခဲ့ရကာ သူ့သတင်းအစအနများမှာလည်း ထိုအချိန်ကတည်းက ပျောက်ခြင်းမလှ ပျောက်သွားခဲ့ရသည်။

ဒီးလ် မိုဟာမတ်၏ ဘဝက အမြဲတမ်းကြမ်းတမ်းနေခဲ့ရသည်တော့ မဟုတ်ပေ။ ၁၉၆၆ ခုနှစ်၊​ ဇန်နဝါရီ ၂ရက်နေ့တွင် ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ကွမ်းသီးပင် အုပ်စု၊ မဲဒီ ကျေးရွာတွင် မိဘနှစ်ပါးဖြစ်သည့် နာဇူမီယာ နှင့် ဟာဇာရာ ခါထွန် တို့မှ မွေးဖွားခဲ့ပြီး ငယ်ရွယ်စဥ်က မူဆလင်များအတွက် အခွင့်အလမ်းများနည်းပါးကာ ခက်ခဲ့ခဲ့သော်လည်း ပညာသင်ကြားခွင့်ရခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်တွင် သင်ကြားခွင့်ရရှိခဲ့ပြီး စိတ်ပညာ အဓိကဖြင့် ဘွဲ့ရရှိခဲ့သည်။ ထို့နောက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)တွင် ငါးနှစ်ကျော် စကားပြန်နှင့် ကွင်းဆင်းမန်နေဂျာအဖြစ် လုပ်ဆောင်ခဲ့ပြီး နောက်တွင် ကိုယ်ပိုင် ပုဇွန်နှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။

သူ၏ ဘာသာစကားစွမ်းရည်ကြောင့် အရာရှိများ အာရုံစိုက်ခံခဲ့ရပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့များကြား “နှစ်နိုင်ငံနယ်စပ်အရေး” အစည်းအဝေးများတွင် စကားပြန်အဖြစ် စတင်လုပ်ဆောင်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်အသိုင်းအဝိုင်းတွင် အဆင့်မြင့်အရာရှိများကြားတွင် အလွန်အရေးပါသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့သည််။

သို့ရာတွင် မြန်မာစစ်တပ်က မူဆလင်များကို ရက်ရက်စက်စက်နှိမ်နှင်းမှုတွင် ဒုတိယအကြိမ် ဒုက္ခသည်ဖြစ်လာခဲ့သည့် ၂၀၁၇ ခုနှစ်တွင် သူ၏ဘဝတစ်ဆစ်ချိုး လုံးဝပြောင်းလဲသွားခဲ့ရသည်။ ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်မည့်အစား ဒီလ် မိုဟာမတ်သည် နှစ်နိုင်ငံကြားရှိ နယ်စပ်ကြားနေရာ ( No Man’s Land) တွင်နေရန် ဆုံးဖြတ်ရွေးချယ်ခဲ့သည်။

နှစ်နိုင်ငံနယ်စပ်ကြားနေရာ (No Man’s Land – NML)  သည် အလွန် အန္တရာယ်ရှိသည့် နေရာတစ်ခုဖြစ်ပြီး ဒီလ် မိုဟာမတ် တို့ကဲ့သို့ မူဆလင်များမှာ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တပ်ဖွဲ့များတို့ကြား ကြားညှပ်သွားပြီး ရိုင်းပျစော်ကားမှုများ၊ ရေကြီးမှုဒဏ်၊ ရိက္ခာလျော့ချခံရခြင်းနှင့် လက်နက်ကိုင်အုပ်စုများ စိမ့်ဝင်ထိုးဖောက်ဝင်ရောက်ခြင်းတို့ကို ရင်ဆိုင်တွေ့ကြုံရသည်။ ထိုကဲ့သို့ အန္တရာယ်များရှိနေသော်လည်း ဒီလ် မိုဟာမတ်သည် ကုလသမဂ္ဂအထူးကိုယ်စားလှယ် ယန်ဟီးလီ၊ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် တာဝါကိုလ် ကာမန် နှင့် မရီယတ် မက်ဂွိုင်းယားတို့အပါအဝင် နိုင်ငံတကာ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခြင်းများ၊ အစည်းအဝေး၊ သတင်းစာရှင်းလင်းပွဲများတွင် မကြာမကြာ စကားပြောခွင့်ရခဲ့ပြီး နယ်စပ်ဒေသကြားနေရာ (NML) တွင် နေထိုင်ကြသူများအရေးအတွက် ထင်ရှားသည့် ပြောရေးဆိုခွင့်ရှိသူအဖြစ် ပေါ်ထွက်လာခဲ့သည်။​

ဒီလ် မိုဟာမတ်၏ ဒုတိယမြောက် သားဖြစ်သူ Shuiab က သူ့အဖေသည် ဖခင်အနေနှင့်ရော ရပ်ရွာခေါင်းဆောင်အဖြစ်ပါ ကြင်ကြင်နာနာနှင့် ညှိနှိုင်းရလွယ်သူဖြစ်သည်ဟု ဆိုသည်။ သူ့အဖေသည် ပုံမှန်အားဖြင့် နားလည်တတ်ပြီး ချဥ်းကပ်ရလွယ်သော်လည်း နယ်ခြားစောင့်ရဲများကဲ့သို့ မြန်မာအာဏာပိုင်များ၊ မြန်မာစစ်တပ်၊ နစက တို့နှင့် ရင်ဆိုင်ရသည့်အခါ တိကျ ပြတ်သားတတ်သည်ဟု ဆိုသည်။ သူ့မူဆလင်များ၏ ဂုဏ်သိက္ခာနှင့် အခွင့်အရေးများအတွက် ရပ်တည်ရန် သူ့အဖေသည် မည်သည့်အခါမျှ တွန့်ဆုတ်နေတတ်သူမဟုတ်သည်ကို မူဆလင်အများစု သိကြကြောင်းလည်း ဖြည့်စွက်ပြောပြသည်။

နောက်ထပ် မူဆလင်များကို ခြိမ်းခြောက်နေသည့် အရာအများအပြားရှိနေခဲ့သည်။ အထူးသဖြင့် ၂၀၂၂ တွင် ဒီလ် မိုဟာမတ်နှင့် နယ်စပ်ကြားဒေသတွင် နေထိုင်ကြသူများမှာ နယ်စပ်ဒေသရှိ  ARSA ကဲ့သို့ လက်နက်ကိုင်တပ်များ၊ အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ကြား ပြင်းထန်သည့် တိုက်ပွဲများကြား ကြားညှပ်သွားကြသည်။

ဘင်္ဂလား၊ အိန္ဒိယ်တို့နှင့် ထိစပ်နေသည့် နယ်စပ်ဒေသများကို ထိန်းချုပ်ရေး မဟာဗျူဟာကို မောင်းနှင်စေသည့်အချက်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရယူရန် အာရက္ခတပ်တော်၏ ရည်မှန်းချက်ကြောင့်ပင် ဖြစ်သည်။ ဤနယ်စပ်ဒေသများကို ထိန်းချုပ်ခြင်းကြောင့် အာရက္ခတပ်တော်အနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်ရန် အရေးပါးသူဖြစ်လာအောင် ကူညီနိုင်မည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသရှိ အာဆာကဲ့သို့ အချိန်ကြာမြင့်စွာလှုပ်ရှားနေကြသည့် အကြမ်းဖက်အဖွဲ့များထံ လက်နက်လမ်းကြောင်းတစ်ခု ပွင့်သွားနိုင်သည့် အခြေအနေမျိုးလည်း ရှိနေသည်။

ဤမဟာဗျူဟာကျသည့် ရည်မှန်းချက်များကြောင့် နယ်စပ်ဒေသမှာ အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်များကဲ့သို့ အင်အားကြီးတပ်များကြား စစ်တလင်းဖြစ်လာခဲ့ပြီး အာဆာသည်လည်း အခြေကုပ်ယူရန် ကြိုးပမ်းလာခဲ့သည်။ မြန်မာစစ်တပ်မှ ရရှိသည့် အချက်အလက်များအရ အာဆာသည် ၂၀၂၂ ခုနှစ်တွင် မြန်မာစစ်တပ်နှင့် ပူးပေါင်းခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနယ်ခြားစောင့် တပ်ဖွဲ့များအတွက် ပစ်မှတ်တစ်ခု ဖြစ်လာခဲ့သည်။​ ဤပြင်းထန်သည့် တိုက်ပွဲများကြောင့် နယ်စပ်ဒေသကြားနေရာတွင် လုံခြုံမှုနှင့် တည်ငြိမ်မှုကို အဟန့်အတားဖြစ်စေသည့် သေကြေဆုံးရှုံးမှုများ၊ ဒဏ်ရာအနာတရဖြစ်ခြင်း၊ အသက်သေကြေဆုံးရှုံးစေသည့် ပေါက်ကွဲမှုများကို ဖြစ်ပေါ်လာစေခဲ့သည်။

ဤကဲ့သို့ နယ်စပ်ဒေသကြားနေရာတွင် ပဋိပက္ခများကြောင့် ထွတ်ထွတ်ကြေနေရသော်လည်း မြန်မာစစ်တပ်သည် အာရက္ခတပ်တော်ထံ နယ်စပ်ဒေသများကို အဆုံးရှုံးခံရန် အရိပ်အယောင်မပြခဲ့ပေ။ စစ်ကောင်စီတပ်များ ရွှေပြောင်းမှုကို ကြည့်ခြင်းဖြင့် သူတို့သည် နယ်စပ်ဒေသကို ပြန်လည်ထိန်းချုပ်ရန်ကြိုးပမ်းမှုများကို မစွန့်လွှတ်ဟု သိနိုင်သည်။​ ထို့ကြောင့် နယ်စပ်ဒေသတွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာခြင်းက နယ်စပ်ဒေသကြားနေရာ (NML) တွင်နေထိုင်သူများကို ဆက်လက်ခြိမ်းခြောက်ခဲ့ပြီး ပို၍ အန္တရာယ်များကာ မသေချာသည့် တည်ရှိခြင်းဆီသို့ တွန်းပို့ပေးခဲ့သည်။ ဤအခြင်းအရာသည်ပင် ဒီလ် မိုဟာမတ်၏ ကာကွယ်မြှင့်တင်ရေး ကြိုးပမ်းချက်များမှာ သူတို့အသိုင်းအဝိုင်းအတွက် ပိုပြီး အရေးပါလာခဲ့သည်။

Dil Mohammed အား သူ၏ ဇနီးဖြစ်သူနဲ့အတူ တွေ့ရစဥ်

သို့ရာတွင် ဒီလ် မိုဟာမတ်ကို သူတို့ မူဆလင်များအတွက် အရေးပါထင်ရှားစေသည့် အချက်ကပင် သြဇာအာဏာကြီးမားသည့် အဖွဲ့များ၏ ပစ်မှတ်ထားခြင်းခံရအောင် တွန်းပို့ပေးခဲ့သည်။ ဒီလ် မိုဟာမတ်သည် အာဆာအဖွဲ့ဝင်တစ်ဦးဖြစ်သည်ဆိုသော ကောလာဟာလများကြောင့် သူ့နာမည်ဂုဏ်သတင်းညှိုးနွမ်းခဲ့ရသည်။ ဒီလ် မိုဟာမတ်၏ မိသားစုများနှင့် သူ၏ ရင်းနှီးသော လုပ်ဖော်ကိုင်ဖက်များက သူသည် အာဆာကို မတတ်သာ၍ ဆက်ဆံခဲ့ရသော်လည်း အာဆာကို မည်သည့်အခါမျှ ထောက်ခံသူတစ်ဦးမဟုတ်ကြောင်းပြောကာ စွပ်စွဲချက်များကို ငြင်းဆန်ခဲ့သည်။

အာဆာနှင့် ဆက်သွယ်မှုများကြောင့် အာဆာအဖွဲ့ဝင်ဟု မြင်ပါက ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များနှင့် အလားတူအဆက်အသွယ်များ ရှိသောကြာင့် ဘင်္ဂလားဒေ့ရှ်အစိုးရအတွက် အလုပ်လုပ်ပေးနေသည်ကို မြင်နိုင်သည်ဟု မိသားစုများက ထောက်ပြကြသည်။

၂၀၂၃ ဇန်နဝါရီလတွင် ရိုဟင်ဂျာ စည်းလုံးညီညွတ်ရေးတပ်မတော် (RSO) က နယ်စပ်ဒေသကြားနေရာ (No Man’s Land) ကို ပစ်မှတ်ထားလာခဲ့သည်။ RSO  တိုက်ခိုက်မှုကြောင့် ဒုက္ခသည်စခန်းများ ပြာကျသွားခဲ့ရပြီး ဒီလ် မိုဟာမတ်လည်း အဖမ်းခံလိုက်ရသည်။ ထိုအချိန်ကပင် သူဘယ်နေရာမှာ အဖမ်းခံထားရပြီး အသက်ရှင်လျှက်ရှိ မရှိမှာလည်း ပဟေဠိတစ်ခုဖြစ်သွားခဲ့ရသည်။ တချိန်တခါက သူတို့ မူဆလင်ဒုက္ခသည်အရေးအတွက် ရဲရဲရင့်ရင့်ကြိုးပမ်းပေးခဲ့ဖူးသည့် လူတစ်ယောက်အတွက် သတင်းအစအနကြား ဟိုတခွန်း သည်တခွန်းကြားရဖို့ သူ့မိသားစုနှင့် နယ်စပ်ဒေသကြားနေရာရှိ နေထိုင်သူများမှာ သုံးလကျော်ထိ စောင့်နေခဲ့ကြသည်။

ဒီလ် မိုဟာမတ်၏ RSO ခေါင်းဆောင် ကိုကိုလင်းနှင့် ရင်းနှီးခြင်းက သူ့ကို အန္တရာယ်ကျရောက် စေသည် ဆိုသည့်အချက်ကလည်း ဟာသဆန်လွန်းသည်။ ကိုကိုလင်း နှင့် ဒီလ် တိုသည့် အတန်းဖော်များဖြစ်ခဲ့ကြပြီး ရင်းနှီးသည့် ဆက်ဆံရေးရှိသည်ဟု ဆိုသည်။ ကိုကိုလင်းက ဒီလ် မိုဟာမတ်ကို No Man’s Land မှ ထွက်သွားရန် နှင့် ဘင်္ဂလားဒေ့ရှ်ရှိ သူတို့နှင့် ပူးပေါင်းရန် တိုက်တွန်းခဲ့ဖူးသည်ဟု ဆိုပြီး နယ်စပ်ဒေသကြားနေရာတွင် အန္တရာယ်များကြောင်း သတိပေးဖူးသည်ဟု ဆိုသည်။ သို့ရာတွင် ဒီလ် မိုဟာမတ် မသိသည့် အချက်က ကိုကိုလင်း၏ တပ်ဖွဲ့များသည်ပင် နောက်ဆုံးတွင် သူ့ကို အကြီးမားဆုံးအန္တရာယ်ပေးသွားခြင်းပင် ဖြစ်သည်။

ထူးဆန်းသည်က ပြည်ပရောက် မူဆလင်အဖွဲ့အစည်းများမှာ ဒီလ် မိုဟာမတ် အဖမ်းခံရခြင်း၊ နယ်စပ်ဒေသကြားနေရာရှိ မူဆလင် ဒုက္ခသည်စခန်းများ တိုက်ခိုက်ခံရခြင်းတို့နှင့် ပတ်သက်၍ တိတ်ဆိတ်နေကြသည်။ နယ်စပ်ဒေသကြားနေရာ (No Man’s Land) ကို ၂၀၂၂၊ နိုဝင်ဘာ ၁၄ ရက်နေ့ တိုက်ခိုက်ခံရစဥ်အတွင်း ထောက်လှမ်းရေးအရာရှိတစ်ဦးနှင့် မူဆလင်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ဇန်နဝါရီလ ၁၈ ရက်နေ့တိုက်ခိုက်မှုတွင် မူဆလင်အများပြားသေဆုံးသွားခဲ့ရသည်ကို ကြည့်ပါက သူတို့၏ တိတ်ဆိတ်နေမှုမှာ သံသယဖြစ်စရာကောင်းလှသည်။

တစ်ခုတည်းသော မူဆလင်လူမျိုးများကို ကိုယ်စားပြုရန် ကြိုးပမ်းနေသော မကြာသေးမီက ဖွဲ့စည်းခဲ့သည့် အာရကန်ရိုဟင်ဂျာ အမျိုးသား မဟာမိတ် အဖွဲ့က ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးအရာရှိ သေဆုံးမှုအတွက် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောကြားခဲ့သော်လည်း မူဆလင်အမျိုးသမီးသေဆုံးခဲ့ရခြင်း၊ လူပေါင်း ၄၅၀၀ ကို နေစရာပျောက်ဆုံးသွားစေသည့် စခန်းပျက်စီးသွားခြင်း နှင့် ဇန်နဝါရီ တိုက်ခိုက်မှုအတွင်း လူပေါင်းများစွာ သေကြေပျက်စီးခဲ့ရခြင်းတို့နှင့် ပတ်သက်၍ တိတ်ဆိတ်နေခဲ့သည်။ ဤကဲ့သို့ တိတ်ဆိတ်နေခြင်းသည် မူဆလင်လူမျိုးများ၏  လိုအပ်ချက်နှင့် အခက်အခဲများကို ဤမူဆလင်အဖွဲ့အစည်းများက အမှန်တကယ်ကိုယ်စားပြု ဂရုစိုက်ခြင်းမရှိသည့် သက်သေသာဓကအဖြစ် နယ်စပ်ဒေသကြားနေရာတွင် နေထိုင်ကြသူများက မှတ်ယူကြသည်။​

ယခုနှစ်များအတွင်း RSO ၊ ARSA ၊ ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာတို့ပါဝင်သည့် နိုင်ငံရေးအခြေအနေနှင့် သြဇာအာဏာ သက်ရောက်မှုများတွင် သိသာထင်ရှားသည့် အပြောင်းအလဲများကို တွေ့လာရသည်။ ဤအပြောင်းအလဲများကို ဖြစ်စေသည့် အခြေအနေနှစ်ခုရှိပြီး ပထမတစ်ခုမှာ ၂၀၂၁၊ ဖေဖော်ဝါရီတွင် မြန်မာစစ်တပ်က အာဏာသိမ်းခြင်းဖြစ်ကာ ဒုတိယတစ်ခုမှာ ထင်ရှားသည့် မူဆလင်ခေါင်းဆောင်တစ်ဦးဖြစ်သူ မူဟစ်ဘူလာ ၂၀၂၁၊ စက်တင်ဘာလတွင် အသတ်ခံရခြင်းဖြစ်သည်။ အကျိုးဆက်အနေဖြင့် အာဆာ ထောက်ခံမှုဆုံးရှုံးခဲ့ရကာ ဘင်္ဂလားဒေ့ရှ်ကိုလည်း ဒုက္ခသည်စခန်းများနှင့် မြန်မာပြည်၌ပါ သူတို့၏ အကျိုးစီးပွားများ ရှေ့ရောက်အောင် ကူညီလုပ်ဆောင်နိုင်မည့် မူဆလင်အင်အားစုကို ပျိုးထောင်ရန် ပိုပြီးခိုင်မာသည့် မဟာဗျူဟာလမ်းကြောင်းတစ်ခုကို ရှာဖွေအောင် တွန်းပို့ခဲ့သည်။ ဤကဲ့သို့ အပြောင်းအလဲကာလ အတွင်း ကာလအတော်ကြာ ငြိမ်သက်နေခဲ့သည့် RSO သည်လည်း ပြန်လည်ခေါင်းထောင်လာခဲ့သည်။

ထိုစဥ်အတွင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် ဘင်္ဂလားပိုင်နက်အတွင်း အာဆာတည်ရှိမှုကို မကြာမကြာ ငြင်းဆိုသော်လည်း ရဲမှတ်တမ်းများအရ အာဆာသည် ဒုစရိုက်လုပ်ငန်းအများအပြားတွင် ပါဝင်ပတ်သက်မှုရှိကြောင်း တွေ့လာရသည်။ ရာဇဝတ်မှုအများအပြားကို အာဆာအဖွဲ့ကျူးလွန်သည်ဆိုသော စွပ်စွဲချက်များကြောင့်  နောက်ဆုံးတွင် အာဆာအဖွဲ့မှာ  ဒေသအတွင်း လွှမ်းမိုးမှုနှင့် ၄င်းအဖွဲ့အပေါ် လေးစားယုံကြည်မှုများ ဆုံးရှုံးသွားခဲ့ရသည်။ 

ယနေ့အချိန်တွင် ဒီလ် မိုဟာမတ်၏ သူ့လူမျိုးများအတွက် မရပ်မနား ကြိုးပမ်းအားထုတ်မှုများကို ယခင်က သူနေထိုင်ခဲ့ရာ နယ်စပ်ဒေသကြားနေရာ (No Man’s Land) မှ လူအများသတိတရရှိနေကြသည်။ ယင်းလူများမှာလည်း လက်ရှိတွင် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများတွင် သွားရောက်နေထိုင်ကာ ပြန့်ကြဲသွားကြပြီဖြစ်သည်။ မူဆလင်များအတွက် မားမာမတ်မတ် ရပ်တည်ခဲ့သည့် အထင်ကရပုဂ္ဂိုလ်တစ်ဦးအတွက် တိတ်ဆိတ်နေခြင်းကို ဝမ်းနည်းနေကြသည်။ ထိုသို့တိတ်ဆိတ်ခြင်းအတွက် အဖြေရှာကြသော်လည်း အဖြေမရှိသည့်မေးခွန်းများကိုသာ ထပ်၍ မေးနေကြရသည်။

ပထမတစ်ခုအနေဖြင့် ဒီလ် မိုဟာမတ်မှာ RSO  သို့မဟုတ် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များ ထံတွင် ထိမ်းသိမ်းခံထားရသလား ပင်ဖြစ်သည်။​ ပေါက်ကြားလာသည့် သတင်းများအရ ဘင်္ဂလားဒေ့ရှ်အစိုးရသည် နယ်စပ်ဒေသကြားနေရာ (No Man’s Land)ကို စီးနင်းရန် ၂၀၂၂ ၊ နိုဝင်ဘာတွင် မြန်မာစစ်တပ်နှင့် ပူးပေါင်းစစ်ဆင်ရေးတစ်ခုဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။ ဒီလ် မိုဟာမတ် ဖမ်းဆီးခံခဲ့ရသည့် ဇန်နဝါရီ ၁၈ရက်၊ စီးနင်းမှုကို ကြုံတွေ့ခဲ့ရသည့် မျက်မြင်သက်သေများက RSOတပ်ဖွဲ့များမှာ နောက်ခံ အထောက်အပံ့ကောင်းရှိသည်ဟု ယူဆရသည်။ အကြောင်းက RSO  တို့၏တိုက်ခိုက်သည့် အချိန်နှင့် တိုက်ပွဲပြင်းထန်မှုများကြောင့် ဖြစ်ပြီး ယခင်က ဤကဲ့သို့ မမြင်ဘူးဟု ဆိုကြသည်။

ဒုတိယတစ်ခုအနေဖြင့် အဘယ်ကြောင့် လပေါင်းများစွာ မိသားစုနှင့် အဆက်အသွယ်လုပ်ခွင့်မပေးဘဲ ဒီလ် မိုဟာမတ်ကို ဖမ်းဆီးထားရသလဲ ဆိုသည့် မေးခွန်းဖြစ်သည်။ သူကျန်းကျန်းမာမာနှင့် အသက်ရှင်နေသေးသလား ဆိုသည်မှာလည်း သေသေချာချာ မသိရပေ။ သူဆက်လက်ဖမ်းဆီးခံနေရသည့် ဖြစ်နိုင်သည့် အကြောင်းရင်းတစ်ခုက မြန်မာနှင့် နယ်စပ်ဒေသတွင် သူ၏ အရေးပါမှုဖြစ်ပြီး ၂၀၁၇ မတိုင်မီနှင့် နောက်ပိုင်း အတွင်းရေး အချက်အလက်များကို သိရှိသွားနိုင်သည်ဟု ယူဆထားသောကြောင့်ဖြစ်သည်။ ဒီလ် မိုဟာမတ်၏ နယ်စပ်ဒေသတွင် အရေးပါမှုကို တစ်ချို့အဖွဲများက အန္တရာယ်တစ်ခုအဖြစ် ရှုမြင်နေကြပြီး  သူလွတ်မြောက်လာမည်ကို စိုးရိမ်နေကြသည်။ တချိန်တည်းမှာပင် သူ့လွတ်မြောက်ရေးကို ကူညီကြလိမ့်ဟု ယူဆထားသော အဖွဲ့အစည်းများသည်လည်း တုံပြန့်မှုမရှိ၊ တိတ်ဆိတ်နေခြင်းကို  သူနှင့်အတူနေခဲ့ကြသူအသိုင်းအဝိုင်းများ  တွေ့ကြုံနေရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ