သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ် လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသူ ၂၉ ဦးအထိတိုးလာ၊ ၆၉ ဦး ပြင်းထန်ဒဏ်ရာရ

AB News – ဇူလိုင် ၂၄၊ ၂၀၂၅
နွယ်စိုး

ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တော်ရှိ ကျောင်းဝင်းတစ်ခုထဲသို့ လေတပ် လေ့ကျင့်ရေးလေယာဉ်တစ်စီး ပျက်ကျခဲ့မှုကြောင့် သေဆုံးသူ စုစုပေါင်း ၂၉ ဦးအထိ တိုးမြင့်လာပြီး၊ ၆၉ ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ဇူလိုင်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

မူလက သေဆုံးသူ ၁၉ ဦးနှင့် ဒဏ်ရာရရှိသူ ၇၈ ဦး ရှိခဲ့ရာမှ ဒဏ်ရာရရှိသူများထဲမှ ၉ ဦး ထပ်မံသေဆုံးခဲ့ခြင်းဖြစ်သည်။

ဒဏ်ရာရရှိသူများတွင် ဆရာ/မ ၅ ဦး၊ ကျောင်းသား/သူ ၄၁ ဦး၊ ကျောင်းဝန်ထမ်း ၁ ဦး၊ မီးသတ်သမား ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁ ဦး၊ စစ်တပ်မှ ၁၄ ဦး၊ အိမ်ဖော် ၁ ဦး၊ လျှပ်စစ်ပညာရှင် ၁ ဦး၊ CMH ဌာနမှ ၁ ဦးနှင့် NIBPS ဌာနမှ ၄ ဦးတို့ ပါဝင်ကြောင်း သိရသည်။

သေဆုံးသူ ၂၉ ဦးနှင့် ပတ်သက်သည့် အသေးစိတ်အချက် အလက်များကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။

အဆိုပါကျောင်းတွင် မူလတန်းမှ ၁၂ တန်းအထိ ကျောင်းသားများ ပညာသင်ကြားလျက်ရှိပြီး မတော်တဆမှုဖြစ်ပွားချိန်တွင် ကျောင်းသားများသည် စာသင်ခန်းများအတွင်း၌ ရှိနေခဲ့ကြသည်။

F-7 BJI လေယာဉ်သည် ဇူလိုင်လ ၂၁ ရက်နေ့၊ ဘင်္ဂလားဒေ့ရှ်စံတော်ချိန် နေ့လည် ၁ နာရီ ၆ မိနစ်တွင် ပျံတက်ခဲ့ပြီး စက္ကန့်ပိုင်းအတွင်း ဒါကာမြို့တော်၏ Uttara ရပ်ကွက်ရှိ Milestone School and College ကျောင်းဝင်းထဲသို့ ပျက်ကျခဲ့ခြင်း ဖြစ်သည်။

ပျက်ကျခဲ့သော လေယာဉ်သည် တရုတ်နိုင်ငံထုတ် F-7 BJI အမျိုးအစား ဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်တွင် ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး လေကြောင်းမတော်တဆမှု တစ်ခုဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွားသူများနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကြားဖြတ်အစိုးရခေါင်းဆောင် ပါမောက္ခ ဒေါက်တာ မူဟာမက် ယူနွတ် (Professor Dr. Muhammad Yunus) က ဇူလိုင်လ ၂၁ ရက်နေ့တွင် “သေဆုံးသူများ၏ ရုပ်အလောင်းများအား သက်ဆိုင်ရာ မိသားစုထံ အမြန်ဆုံး လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်