သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသတွင် အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် ၄ ဦးသေဆုံးပြီး ဆယ်ချီ ဒဏ်ရာရရှိကာ ၁၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေ
Photo credit-အကြမ်းဖက်မှုကြောင့် သေဆုံးသူများ၏ ရုပ်အလောင်းများအား တွေ့ရစဥ်/ Sanjoy Kumar Barua-The Daily Star

AB News-စက်တင်ဘာ ၂၀၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တောင်တန်းဒေသနေ ဌာနေတိုင်းရင်းသား သက္ကမလူမျိုးများနှင့် ဘင်္ဂလီမူဆလင်များကြား ပဋိပက္ခဖြစ်ပွားမှုကြောင့် မြို့နယ်၂ ခုမှ အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ရပြီး ၁၀ ကျော် ဒဏ်ရာရရှိကာ ရာနဲ့ချီ အိုးမဲ့ အိမ်မဲ့ ဖြစ်သွားကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

စက်တင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသ၊ ဓီဂီနလ (Dighinala) တွင် ၃၀၀နှင့် ၄၀၀ ကြားရှိ ဘင်္ဂလီမူဆလင်များ အုပ်စုလိုက်ချီတက်လာပြီး သက် (Chakma) လူမျိုးများ ပိုင်ဆိုင်သည့် နေအိမ်များနှင့် ဈေးဆိုင်ခန်း စုစုပေါင်း ၁၀၀ ကျော်တို့အား မီးရှို့ဖျက်ဆီးခဲ့ကြသည်။

ထိုသို့ အကြမ်းဖက်မှု ပြုလုပ်ပြီးနောက် ညတွင်းချင်း စစ်တကောင်းတက္ကသိုလ်နှင့်ဒါကာ (တံခါး) တက္ကသိုလ်တို့မှ သက်ကျောင်းသားများ ဦးဆောင်၍ အကြမ်းဖက်မှုများအား ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။

ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်းမှ စ၍ ကန့်ကွက်ဆန္ဒပြမှုများ ခါဂရာဆရီ (Khagrachhari)နှင့် ရန်ဂါမတီ (Rangamati) တို့မှ သက္ကမနှင့် တြိပူရလူမျိုး ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးခဲ့သူများမှာ ဘင်္ဂလားဒေ့ရှ် စစ်တပ်က ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း The Chittagong Hill Tracks News သတင်းတွင် ဖော်ပြထားပြီး ၎င်းတို့မှာ ခါဂရာဆရီမှ (၁) အသက် ၂၂ နှစ်အရွယ် ဂျုနန် သက္ကမ (Junan Chakma) (၂) ရူဘယ် တြိပူရ (Rubel Tripura) (၃) ဒွန်နွန်ဂျိုင်း သက္ကမ (Dhonnonjoy Chakma) နှင့် အနိကူမာ သက္ကမ (Anik Kumar Chakma) တို့ ဖြစ်ကြသည်။

“သူက ဘင်္ဂလီမူဆလင်တွေ ဥပါလိပါရာ ဌာနေတိုင်းရင်းသားရွာကို မီးရှို့နေတာကို သွားကယ်တာမှ စစ်တပ်က ငါ့သား အသက် ၂၂ အရွယ် ဂျုနန်သက္ကမကို ပစ်သတ်လိုက်ကြတာ” ဟု မိခင်ဖြစ်သူ ရူပါလီသက္ကမက စစ်တကောင်းတောင်တန်းဒေသသတင်းစာတွင် ပြောထားသည်။   

“ကျမသားက တက္ကသိုလ်ကျောင်းသားပါ။ သူက ဘယ်နိုင်ငံရေးမှာမှလည်း ပါဝင်တာမရှိပါဘူး။ သူတို့ ကျမသားကို သတ်ပြီး ကျမတို့ဆီက ဆွဲထုတ်ယူသွားကြပြီ” ဟု ဝမ်းနည်းစွာဖြင့်ပြောထားသည်။    

ဆိုင်ကယ်သူခိုးဟု စွပ်စွဲပြောဆိုခံရသူ ဘင်္ဂလီမူဆလင် (စစ်တကောင်းဒေသတွင်လာရောက်အခြေချနေထိုင်သူ) တစ်ဦး၏ အလောင်းအား ခါဂရာဆရီတွင် စက်တင်ဘာလ ၁၉ ရက်နေ့က တွေ့ရှိပြီးနောက် ပဋိပက္ခစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေသူ၏ ဦးခေါင်းတွင် ပြင်းထန်စွာ ထိခိုက်ထားသည့် ခေါင်းကွဲဒဏ်ရာတွေ့ရှိရပြီး မည်သည့်အကြောင်းကြောင့် သေသည်ကိုမူကား မသိရကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းစာအချို့တွင်တွေ့ရသည်။

စစ်တကောင်းတောင်တန်းဒေသများတွင် သက်လူမျိုး (ခ) သက္ကမလူမျိုးများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဟူ၍ မရှိခင်ကပင် နှစ်ပေါင်းများစွာ နေထိုင်နေလာသည့် ဌာနတိုင်းရင်းသားလူမျိုးဖြစ်ပြီး ၁၉၇၉ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်အစိုးရက  Chittagong, Noakhali, Comilla, Sylhet စသည့်ခရိုင်များမှ ဆင်းရဲသား အိုးအိမ်မဲ့ ဘင်္ဂလီမူဆလင်များအား စစ်တကောင်းတောင်တန်းနယ်တွင် သက္ကမလူမျိုးများဘိုဘွားစဥ်ဆက်ပိုင်ဆိုင်သည့် မြေများကို အခမဲ့ပေးကာ နေရာချပေးထားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် ထိုဒေသများတွင် မူဆလင်ရာခိုင်နှုန်း ဘန်ဒါဘန်မြို့တွင် ၅၂ ရာခိုင်နှုန်းကျော်၊ ခါဂရာဆာရီတွင် ၄၆ ရာခိုင်နှုန်းကျော်နှင့် ရန်ဂါမတီတွင် ၃၆ ရာခိုင်နှုန်းကျော် ရှိနေသည်ကို တွေ့ရသည်။

လူမျိုးရေး ဘာသာရေး ပဋိပက္ခအသွင်ဆောင်နေပြီး ယနေ့ နေ့လည်က နှစ်ဖက် ဘာသာရေး အဆောက်အဦးများကို မီးရှို့ ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့သည်ကိုလည်း ဘင်္ဂလားဒေ့ရှ် မီဒီယာအချို့နှင့် CJများ၏ ဖော်ပြချက်များအရ သိရသည်။

လက်ရှိအချိန်အထိ ပဋိပက္ခတင်းမာနေဆဲဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရ စစ်တပ်က တောင်တန်းနယ်တွင် ညမထွက်ရအမိန့် (၁၄၄) ထုတ်ပြန်ထားသည်။  

ထင်မြင်ယူဆချက်‌‌ပေးရန်