ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လက်ရှိYunus ကြားဖြတ်အစိုးရ၏ တောင်တန်းဒေသနေ ဒေသခံဌာနေတိုင်းရင်းသားများအပေါ် ခွဲခြားဖိနှိပ်မှုများကြောင့် ဇန်နဝါရီလဆန်းပိုင်းတွင် အာရက္ခတပ်တော် AA ထိန်းချုပ်ထားသည့် ပလက်ဝဒေသသို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာခဲ့ရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်ဒါဘန်ခရိုင်(Bandarban district)၊ ရူမာမြို့(Ruma town) မှ ဌာနေတိုင်းရင်းသား ၅၀ ကျော်သည် အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ပလက်ဝဒေသ၊ မော်တလာကျေးရွာတွင် ယာယီနေထိုင်လျက် ရှိသည်။
ထွက်ပြေးတိမ်းရှောင်လာသူများထဲတွင် အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၂၁ ဦးနှင့် နို့စို့ကလေးအရွယ်အပါအဝင် ၁၀ နှစ်အောက်ကလေး ၁၁ ဦး စုစုပေါင်း ၅၁ ဦးဖြစ်ကြပြီး ၎င်းတို့မှာ ဇာတီဖာနှင့် ဒါဇလိန် ကျေးရွာများမှ ဖြစ်ကြသည်။
လက်ရှိတွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာသူများအား အာရက္ခတပ်တော်က ကူညီစောင့်ရှောက် ထားသည်ကို တွေ့ရသည်။သို့သော်လည်း အာရက္ခတပ်တော်ထိန်းချုပ် ပလက်ဝဒေသသို့ ဘင်္ဂလာဒေ့ရှ်မှာ နယ်စပ်ဖြတ်ကျော်လာသူများမှာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေသေးကြောင်း မော်တလာရွာ အုပ်ချုပ်ရေးမှူး ဦးလာရမ်နွယ်က ဆိုသည်။
“ဘင်္ဂလာက ထွက်ပြေးလာတဲ့ သူတွေကို အာရက္ခတပ်တော်က လူသားချင်းနာပြီးတော့ လွတ်လပ်စွာ နေထိုင်ခွင့်ပေးထားပါတယ်။ တပ်တော်က သူတို့ကို စားနပ်ရိက္ခာတွေလည်း ထောက်ပံ့ထားပါတယ်။ ဒါပေမဲ့ သူတို့ဟာ ရေရှည်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီတွေ လိုအပ်နေပါတယ်” ဆိုသည်။
“သူတို့ဟာ အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာကြတာ။ လမ်းမှာ စားသောက်ဖို့ ရိက္ခာအနည်းငယ်နဲ့ အိုးတစ်လုံး၊ နှစ်လုံးဘဲ ပါလာကြတယ်။ အခုက ဆောင်းရာသီဆိုတော့ သူတို့မှာ အနွေးထည်နှင့်ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေပါတယ်” သူက ဖြည့်စွက်ပြောဆိုသည်။
ဘင်္ဂလားဒေ့ရှ်၊ နယ်ခြားစောင့်တပ်နှင့် ကူကီ (Kuki) လက်နက်ကိုင်တပ်ကြား တိုက်ပွဲများ စတင်ကာဖြစ်ပွားသည့်အချိန်မှ စ၍ ဘောင် မျိုးနွယ်စု (မြန်မာအခေါ် – လင်းဂျေး) တို့ကို ဘင်္ဂလာတပ်ဖွဲ့ဝင်များက ခွဲခြားဖိနှိပ်လာကြောင်း ပလက်ဝဒေသသို့ ခိုလှုံလာသော ရူမာမြို့၊ ဇာတီဖာရွာမှ ဦးရမ်ဆန်က AB News သို့ ပြောသည်။
“ကူကီလက်နက်ကိုင်တပ်တွေနဲ့ ဘင်္ဂလာအစိုးရတပ်တို့ တိုက်ပွဲဖြစ်တဲ့အချိန်မှာ နီးစပ်ရာက ပြည်သူတွေကို ဘင်္ဂလာစစ်သားတွေက ညဉ့်အချိန်မှာ ရွာထဲက လူတွေကို စုထားတယ်။ ပြီးတော့ သူတို့ သံသယရှိတဲ့ ရွာသားတွေကို ကြိုးတုတ်ပြီး ဖမ်းချည်တယ်၊ သတ်ပုတ်တယ်” ဆိုသည်။
ထို့အပြင် ဘန်ဒါဘန်ခရိုင်မှ ဘောင် မျိုးနွယ်စုများမှာ ဈေးဝယ်သွားမည်ဆိုပါက ဘင်္ဂလာစစ်သားများထံတွင် ထောက်ခံစာတောင်းရပြီး ငပိ ၁သိုက်၊ ဆား ၁သိုက်ခန့်သာ ဝယ်ယူခွင့်ပြုကြောင်း သူက ထပ်မံပြောဆိုသည်။
ကူကီးလက်နက်ကိုင်တပ်သည် ဘန်ဒါဘန်ခရိုင်နှင့် ရမ်ဂါမတီခရိုင်၏ အစိတ်အပိုင်းဖြစ်သော စစ်တကောင်းတောင်တန်းဒေသအတွင်း လွတ်လပ်သောပြည်နယ်ရရှိရန် ကြိုးပမ်းနေသော လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။
ကူကီးလက်နက်ကိုင်တပ်(KNF)ကို Nathan Bom မှ တည်ထောင်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှ စ၍ ခွဲထွက်ရေးလှုပ်ရှားမှုကို စတင်လာပြီး တောင်ကုန်းဒေသအတွက် လွတ်လပ်ရေးကြိုးပမ်းသည့်အဖွဲ့ဖြစ်ကြောင်း သိရသည်။
သို့သော်လည်း ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်း ကူကီးလက်နက်ကိုင်တပ်သည် ရမ်ဂါမတီခရိုင်နှင့် ဘန်ဒါဘန်ခရိုင်တွင် ၁၇ နာရီအတွင်း ပြင်းထန်သောတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး ဘဏ်သုံးခုမှ လုယက်မှု၊ ဘဏ်မန်နေဂျာတစ်ဦးကို ပြန်ပေးဆွဲမှု၊ ဥပဒေစိုးမိုးရေးအရာရှိများနှင့် ဘင်္ဂလားနယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ဘင်္ဂလာဒေ့ရှ်နိုင်ငံရှိ တောင်းတန်းဒေသများတွင် မာရမာ၊ သက်၊ ဒိုင်းနက်၊ မြိုနှင့် ဘောင် (လင်းဂျေး) လူမျိုးများ နေထိုင်ကြပြီး ကိုကီလက်နက်ကိုင်တပ်နှင့် ဘင်္ဂလာတပ်တို့ ထိတွေ့တိုက်ပွဲများ ဖြစ်လာပြီးနောက် ဘောင် (လင်းဂျေး) လူမျိုးများကို ဦးတည်ကာ ခွဲခြားဖိနှိပ်လာကြောင်း ဘန်ဒါဘန်ခရိုင်၊ ရူမာမြို့၊ ဒါဇလိန်ရွာမှ လာမွန်ဆန်က ဆိုသည်။
“ကိုကီးလက်နက်ကိုင် တပ်ကို မင်းတို့ ဘောင်လူမျိုးတွေက ထောက်ခံလို့ ငါတို့ကို တိုက်နေတာဖြစ်တယ်လို့ ဘင်္ဂလာစစ်သားတွေက ဆိုပါတယ်” ဟု ဆိုသည်။
ဘင်္ဂလားဒေ့ရှ်တွင် ကြားဖြတ်အစိုးရ အာဏာရလာပြီးနောက်ပိုင်း အပြစ်မဲ့ဌာနေတိုင်းရင်းသား ၁၀၀ ကျော်ကို ဖမ်းဆီးထောင်ချထားပြီး နို့စို့အရွယ် ကလေးရှိ မိခင်များကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကိုလာမွန်ဆန်က ဆက်ပြောသည်။
ဘင်္ဂလာစစ်သားများမှာ ရူမာမြို့ရှိ ဘောင်ဌာနေတိုင်းရင်းသားများ နေထိုင်သည့် ကျေးရွာများကို ဖျက်ဆီးခြင်းအပြင် နေအိမ်များတွင်ရှိသည့် ကြက်၊ ငှက်နှင့် ပိုင်ဆိုင်မှုများကိုလည်း သိမ်းယူသွားကြောင်း သိရသည်။
ထို့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့စို့မိခင်များကို ဖမ်းဆီးမှုများ ရှိလာသည့်အတွက် လွတ်မြောက်ရာသို့ ထွက်ပြေးလာကြောင်း ဇာတီဖာရွာမှ ဒေါ်ဘန်ဒရိုချန်က Arakan Bay News သတင်းထောက်များကို ပြောပြသည်။
“ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ နို့စို့မိခင်တွေကို ဖမ်းသွားပြီး နို့စို့ကလေးတွေကို ပစ်ထားခဲ့တယ်။ အဲဒါကို မြင်တွေ့ရတော့ လုံခြုံရှိတယ်လို့ မခံစားရတော့ဘူး။ အဲဒါကြောင့် မိသားစုတွေနဲ့အတူ ထွက်ပြေးလာတာပါ” ဟုဆိုသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တို့တွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘောင်မျိုးနွယ်စုဝင်များမှာ အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ရကြောင်း တိမ်းရှောင်လာသူများက ဆိုကြသည်။
ဇန်နဝါရီလ၊ ဒုတိယအပတ်တွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တောင်တန်းဒေသမှ ကိုကီးမျိုးနွယ်စုဝင် ၄၀ ကျော်ခန့်သည် အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ပလက်ဝဒေသ၊ ဒွေးချောင်းဝရွာသို့ ထွက်ပြေးခိုလှုံလာခဲ့သည်ကို တွေ့ရှိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကြားဖြတ်အစိုးရမှ ပယ်ဖျက်ခဲ့သော (Adivasi) ခေါ် ဌာနေတိုင်းရင်းသားများ ကိုယ်စားပြု သင်္ကေတ စကားလုံးကို အသိအမှတ်ပြုပေးရန် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ဒေသတွင်းဌာနေတိုင်းရင်းသားဦးရေ ၈၀ ခန့်သည် Coxbazar (ကော့စ်ဘဇား) ခရိုင် အာဇာနည်မှတ်တိုင်ရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ရာတွင် အစ္စလာမ်မစ်အဖွဲ့ဝင်များ၏ တုတ်၊ ဓား၊ လက်နက်ကိရိယာပစ္စည်းများဖြင့် တိုက်ခိုက်မှုကြောင့် ဗုဒ္ဓဘာသာဝင်၊ ဟိန္ဒူဘာသာဝင်၊ ခရစ်ယာန်ဘာသာဝင်များနှင့် ဒေသခံ ၂၀ ဦးခန့် ပြင်းထန်ဒဏ်ရာရရှိခဲ့ရသည်။
ဓာတ်ပုံ-ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ရူမာမြို့နယ်မှ ပလက်ဝဒေသသို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာကြသည့် ဘောင် (Bom) ဌာနတိုင်းရင်းသားများအား တွေ့ရစဥ်/ ABN