Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဗျိုင်းဖြူရွာမှ ကလေးနှင့် အမျိုးသမီး ၁၅၀၀ ကျော်ကို စစ်တွေမြို့ထဲ ဘုန်းကြီးကျောင်းများတွင် လူသားဒိုင်းကာအဖြစ် စစ်ကောင်စီထား

AB News-ဇွန် ၂၊ ၂၀၂၄

စစ်တွေမြို့ ဗျိုင်းဖြူရွာမှ ကလေးများနှင့် အမျိုးသမီး ၁၅၈၈ ဦးတို့ကို စစ်တွေမြို့ထဲရှိ ဘုန်းတော်ကြီးကျောင်းများ တွင် လူသားဒိုင်းကာအဖြစ် စစ်ကောင်စီက ပိတ်လှောင်ထားသည်ဟု စစ်တွေမြို့ခံများက ပြောသည်။

ဗျိုင်းဖြူရွာမှ ကလေးများနှင့် အမျိုးသမီးများအား စစ်တွေ ဝင်္ကဘာကွင်းတွင် ငိုကြွေးနေကြသည်ကို တွေ့ရစဥ်/CJ

စစ်တွေမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်း၊ စစ်ရေးတင်းမာခြင်း တစ်စုံတရာမရှိဘဲ ဗျိုင်းဖြူရွာ (ဆတ်ရိုးကျ) မှ အသက် ၁၅နှစ်မှ အသက် ၇၀ အရွယ်ထိ အမျိုးသား ၄၀ ဦးကျော်တို့အား စစ်ကောင်စီက မေလ ၃၀/၃၁ ရက်နေ့များတွင် သေနတ်ဖြင့် ပစ်သတ် မီးရှို့ အလောင်းဖျောက်လိုက်ပြီးနောက် ရပ်ကွက်တွင်း ကျန်ရှိသည့် ကလေးငယ်များနှင့် အမျိုးသမီး ၁၅၈၈ ဦးတို့အား စစ်တွေမြို့ထဲရှိ ဘုန်းတော်ကြီးကျောင်းများတွင် လူသားဒိုင်းကာအဖြစ် ပိတ်လှောင်ထားကြောင်း သိရသည်။

ကလေးငယ်များနှင့် အမျိုးသမီးများအား စစ်တွေမြို့ထဲရှိ

(၁) မဏိရတနာဘုန်းတော်ကြီးကျောင်းတွင် ၄၀၀ ဦး

(၂) သံဃာ့ရတာနာဘုန်းတော်ကြီးကျောင်းတွင် ၃၀၀ ဦး

(၃) အိမ်စိုးမေမိဘုန်းတော်ကြီးကျောင်းတွင် ၁၅၀ ဦး

(၄) ယတြာဘုန်းတော်ကြီးကျောင်းတွင် ၁၄၀ ဦး

(၅) စစ်ကဲဘုန်းတော်ကြီးကျောင်းတွင် ၁၂၀ ဦး

(၆) ဓမ္မရိပ်သာဘုန်းတော်ကြီးကျောင်းတွင် ၄၂၈ ဦးနှင့်

(၇) ဝိဘဇ္ဇဝါဒီဘုန်းတော်ကြီးကျောင်းတွင် ၅၀ ဦး စုစုပေါင်း ၁၅၈၈ ဦးတို့အား လူသားဒိုင်းကာ အဖြစ် စစ်ကောင်စီက ပိတ်လှောင်ထားလျက်ရှိသည်။

စစ်တွေတွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်လာလျှင် လူသားဒိုင်းကာ အဖြစ် အသုံးချနိုင်ရန် စစ်တွေမြို့ပြင်ရှိ ပြည်သူများအား စစ်တွေမြို့ထဲသို့ အင်အားသုံးကာ နေရာချထားခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် စစ်‌ရေးလေ့လာသူ ၁ ဦးက သုံးသပ်ပြောဆိုသည်။

“စစ်တွေကို စစ်ကောင်စီက နည်းလမ်းမျိုးစုံသုံးပြီး နောက်ဆုံးခံတပ်အဖြစ် ပြင်ဆင်ထားတာတွေ့ရပါတယ်။ AA အနေနဲ့လည်း မောင်တောပြီးရင် ဒီဘက်မှာ တိုက်စရာ လက်ကျန်ဆိုလို့ စစ်တွေဘဲ ကျန်တာဆိုတော့ စစ်တွေ မကျရေး စစ်ကောင်စီက အစွမ်းကုန် နည်းစုံသုံးနေတာလို့ မြင်ပါတယ်။ ခုလည်း ဗျိုင်းဖြူရွာက အမျိုးသား ၄၀ ကျော်ကိုသတ်ပြီးတော့ ခြိမ်းခြောက်တယ်။ ပြီးရင် ကလေးတွေနဲ့ အမျိုးသမီးတွေကို ဘုန်းကြီးကျောင်းတွေမှာ စုထားပြီး လူသားဒိုင်းကာ လုပ်မယ့် သဘောပါ။ ဒီလိုမျိုး ပေါက်တောမှာလည်း လုပ်ခဲ့တယ်။ ဘူးသီးတောင် တိုက်ပွဲမှာတုန်းကလည်း မူဆလင်တွေကို လူသားဒိုင်းကာ လုပ်ခဲ့တာ သာဓကတွေရှိပါတယ်” ဟု သုံးသပ်ပြောဆိုသည်။

ထိုဗျိုင်းဖြူရွာမှ ကလေးငယ်များနှင့် အမျိုးသမီးများကို စစ်တွေမြို့အပြင်ဖက်သို့ ထွက်ခွင့်မပေးဘဲ ဇွန်လ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီက တေဘာကားကြီးများဖြင့် တင်ယူလာကာ စစ်တွေမြို့ ဝင်္ကဘာကွင်းသို့ ယူလာခဲ့ပြီးနောက် ယခုကဲ့သို့ ဘုန်းတော်ကြီးကျောင်းများတွင် နေရာချထားပေးခြင်းဖြစ်သည်။

မေလ ၃၀ ရက်နေ့က ဗျိုင်းဖြူရွာမှ အမျိုးသမီး ၃ ဦးကို စစ်ကောင်စီအဖွဲ့က ကားဖြင့် တင်ယူခေါ်သွားပြီးနောက် အဓမ္မမုဒိန်းပြုကျင့်ပြီး ထိုအထဲမှ အမျိုးသမီး ၂ ဦးကို သတ်ဖြတ်လိုက်ကြသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိပြီး မုဒိန်းကျင့် သတ်ဖြတ်ခံလိုက်ရသည့် ရုပ်အလောင်းဟု ယူဆရသည့် ဓာတ်ပုံ ၂ ပုံလည်း လူမှုကွန်ယက် စာမျက်နှာတွင် ပျံ့နှံ့လျက်ရှိသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ