သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဖားကန့်တွင် စစ်ကောင်စီတပ်သားများနေထိုင်ရာ နေရာသို့ ဗုံးမှားကြဲ၍ စစ်သားအများအပြားသေဆုံး

AB News – ဇူလိုင် ၁၆၊ ၂၀၂၅
ဒေဝီ

ဖားကန့်မြို့နယ်၊ မှော်မောင်းလျှံကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားသည့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးမှားကြဲချမိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင် ၁၅ ရက်၊ နံနက် ၁၁ နာရီ၊ ၄၀ မိနစ်ခန့်တွင် စစ်ကောင်စီက ၎င်းတို့တပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် မှော်မောင်းလျှံကျေးရွာရှိ ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးမှားကြဲချမိရာ တပ်ဖွဲ့ဝင်အများအပြား သေဆုံးကြောင်း ကချင်သတင်းရင်းမြစ်မှ သိရသည်။

စစ်ကောင်စီသည် ဖားကန့်ရှိ စစ်ရေးအရ အရေးပါသည့် မော်မောင်းကုန်းနှင့် လမောင်ကုန်းတို့ကို စိုးမိုးမှုရယူလိုနေပြီး ပြီးခဲ့သည့် ဇွန်လကတည်းက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး နေခြင်းဖြစ်ကာ မှော်မောင်းလျှံ၊ မှော်ဝမ်းလေးနှင့် အမှိုက်ပုံ ကျေးရွာတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

စစ်ကောင်စီတပ်သည် မြေပြင်ထိုးစစ်သာမက ဂျက်ဖိုက်တာများကိုပါသုံး၍ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက် ညနေ ၅ နာရီက မော်မောင်းကုန်း စာသင်ကျောင်းကို ဗုံးထိမှန်ခဲ့သည်။

အဆိုပါနေရာတွင် စစ်ကောင်စီတပ် ဗုံးကြဲချပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် ဖားကန့်မြို့၏ အဓိကဝင်ပေါက်တစ်ခုဖြစ်သည့် အင်းတော်ကြီး-ဝှေခါလမ်းပိုင်းတွင်လည်း စစ်ကောင်စီနှင့် KIA တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်