
AB News အောက်တိုဘာ ၂၉ ၊ ၂၀၂၅
ငုဝါ
ယနေ့ အောက်တိုဘာလ ၂၉ ရက်၊ နေ့လယ် ၂ နာရီခန့်အချိန်တွင် အကြမ်းဖက်စစ်ကော်မရှင်တပ် ထိန်းချုပ်ရာ စစ်တွေအခြေစိုက်တပ်ရင်းမှ ပစ်ခတ်ခဲ့သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ပေါက်တောမြို့နယ်၊ တောင်ညိုကျေးရွာမှ သက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး၊ ၄ ဦးထက်မနည်း ဒဏ်ရရှိကြောင်း ဒေသခံများက ဆိုကြသည်။
ယနေ့ နေ့လယ် ၂ နာရီခန့်အချိန်တွင် စစ်တွေမြို့ရှိ စစ်ကော်မရှင် တပ်ရင်းများမှ ပေါက်တောမြို့နယ်ဘက်သို့ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခက်ခဲ့ရှိရာ ၎င်းအကြမ်းဖက်စစ်တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ၂ လုံးသည် ပေါက်တောမြို့နယ်၊ တောင်ညိုကျေးရွာမှ နေအိမ်တစ်လုံးသို့ ကျရောက်ပေါက်ကွဲခဲ့၍ ယင်းနေအိမ်မှ အသက် ၅ နှစ်အရွယ်ကလေးငယ်တစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး သေဆုံးခဲ့သည့် ကလေးငယ်၏ ဖခင်မှာလည်း ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ထို့ပြင် ၎င်းအိမ်အနီးဝင်ကျင်ရှိ ဒေသခံပြည်သူ ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကော်မရှင်သည် ၎င်းထိန်းချုပ်ရာ စစ်တွေအခြေစိုက်တပ်ရင်းများမှ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်များသို့ အဆက်မပြက် ပစ်ခတ်တိုက်ခိုက်လျှက်ရှိကြောင်း ဒေသခံများက ဆိုကြသည်။
ပြီးခဲ့သည့် အောက်တိုဘာ၂၆ ရက်နေ့တွင်လည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကွန်းတောင်ရွာသို့ အရေးပေါ်လူနာသယ်ဆောင်ရန်သွားသည့် ကားကို စစ်ကော်မရှင်တပ်မှ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သောကြောင့် အသက် ၁၄ နှစ်အရွယ် ပရဟိတလူငယ်တစ်ဦး သေဆုံးခဲ့ရသည်။