
AB News – ဇူလိုင် ၃၁ ၊ ၂၀၂၅
ချန်ဒြာ
ရက္ခိုင်ပြည် ၊ ပေါက်တောမြို့နယ်၊ ဟင်းခရော်ကျေးရွာတွင် ဇူလိုင်လ ၂၈ ရက်န့က အသက် ၉ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦးအား စစ်ဘေးရှောင် ဦးပဉ္ဇင်း ၁ ပါးက အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။
ကျူးလွန်ခံရသူ ကလေးငယ်မှာ ပေါက်တောမြို့နယ် ဟင်းခရော်ကျေးရွာမှ အသက် ၉ နှစ်အရွယ် Grade – 4 ကျောင်းသူ ဖူးသက်ငုံ (အမည်လွှဲ) ဖြစ်ပြီး စစ်တွေမြို့မှ ယင်းရွာတွင် စစ်ရှောင်နေသော အသက် ၆၉ နှစ် ဦးပဉ္ဇင်း စန္ဒိမာ (ခ) စိန်လှထွန်းက အတင်းအဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျူးလွန်ခံရသူနှင့် ဆွေမျိုးတော်စပ်သူ ၁ ဦးက “ ရွာမှာက ဘုန်းတော်ကြီးကျောင်းမှာ ကျောင်းတက်ကြရတာ။ အဲ့ဒီအခင်းဖြစ်တဲ့နေ့က နစ်နာသူက ကျောင်းဆင်းပြီး အိမ်ရောက်တော့ ထီးမေ့ကျန်ခဲ့လို့ဆိုပြီး ထီးယူဖို့ကျောင်းကိုသွားတာ။ အဲ့ဒီမှာ စစ်ဘေးရှောင် ဦးပဉ္ဇင်း စန္ဒိမာက သူ့ကို အတင်းအဓမ္မဆွဲယူပြီး အဓမ္မ ပြုကျင့်ခဲ့တာ” ဖြစ်ကြောင်း AB News သို့ပြောသည်။
နစ်နာသူမိန်းကလေးငယ်သည် ငိုယိုပြီး အိမ်ပြန်လာခဲ့ကာ အကြောင်းစုံကို မိခင်ဖြစ်သူအား ပြောကြားခဲ့သည့်တွက် မိခင်ဖြစ်သူက ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုး၏ DLEPS ဌာနတွင် အမှုဖွင့်တိုင်ကြားခဲ့ပြီး လက်ရှိတွင် တရားခံ စန္ဒိမာ (ခ) ဦးစိန်လှထွန်းအား ဖမ်းဆီးထားကြောင်း သိရသည်။
ယခုအမှုနှင့် ပတ်သက်၍ ဆယ်ကျော်သက်အရွယ် အမျိုးသမီး ၁ ဦးက “ အခုတလော အမျိုးသမီးတွေ အတင်းအဓမ္မပြုကျင့်ခံရမှုတွေ မကြာခဏကြားနေရတယ်။ အခုကလေးကလည်း အသက် ၉ နှစ်ပဲရှိသေးတယ် ။ အမဲစက်ထင်းသွားပြီ။ ဒီအမှုတွေကို တရားနည်းနဲ့ မျှမျှတတဖြစ်အောင်လုပ်ပေးစေချင်တယ်” ဟု AB News သို့ပြောသည်။
မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာတွင် မေလ ၆ ရက်နေ့ကလည်း အသက် ၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို တစ်ခြားရွာမှ အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ပြုပြီး သတ်ဖြတ်ခဲ့ပြီး သစ်ပင်တစ်ပင်တွင် ကြိုးဖြင့် တွဲချိတ်ထားခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မေလ ၂၉ ရက်နေ့ ညနေပိုင်းအချိန်ကလည်း မြေပုံမြို့နယ် လွမ်းလုံးပိုက်ကျေးရွာတွင် အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် မိမိနေအိမ်ခြံဝင်းအတွင်းက အိမ်သာတွင် အိမ်သာတက်နေချိန် အသက် ၂၄ နှစ်အရွယ် မျိုးသက်နိုင်က အဓမ္မပြုကျင့်ဖို ကြံစည်ကြိုးစားခဲ့သည်။
အလားတူ ၂၀၂၃ ခုနှစ်ကလည်း မင်းပြားမြို့ပေါ်က ရပ်ကွက်တစ်ခုတွင် ဖခင်ဖြစ်သူက အသက် ၁၃ နှစ်ကျော်အရွယ် သမီးဖြစ်သူကို အဓမ္မပြုကျင့်ခဲ့သည့် ဖြစ်ရပ်တစ်ခုလည်း ရှိခဲ့သည်။