Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်များမှ လူနေကျေးရွာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအပြင်းအထန်ပြုလုပ်၊ ကလေးငယ် ၂ ဦးအပါအဝင် ၅ ဦးဒဏ်ရာ ပြင်းထန်ရ

(စစ်ရာဇဝတ်မှုများကို စစ်ကောင်စီတပ် ဆက်တိုက်ကျူးလွန်)

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ပေါက်တောမြို့နယ်များမှ ကျေးရွာ ၄ ရွာကို ယနေ့နံနက်က စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ရွာမှ ကလေးငယ် ၂ ဦးနှင့် အမျိုးသမီး ၁ ဦး ကျည်စထိမှန် ဒဏ်ရာရသွားကြောင်း ကနဦး သတင်းရရှိသည်။

ယနေ့ ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်း ၉ နာရီအချိန်တွင် ပေါက်တောမြို့နယ် သံခုံရွာကို Y12 ဗုံးကြဲလေယာဥ်ဖြင့် ဗုံး ၄ လုံး၊ ယနေ့ နံနက် ၉ နာရီခွဲတွင် တောင်ဦးမောင်တောင်စွန်းသို့ ဗုံး ၆ လုံး ၊ ၉ နာရီ ၄၅ မိနစ်တွင် ကြိမ်ခွေမော်ရွာကို ဗုံး ၇ လုံးနှင့် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ရွာကို ၁၀ နာရီ ၂၀ မိနစ်က ဗုံး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။  

ပေါက်တောမြို့နယ် ကြိမ်ခွေမော်ရွာမှ မောင်ထွန်းဝင်းချေ အသက် ၂၉ နှစ်၏ ဘယ်ဘက် လက်မောင်းဆုံနှင့် မေ့စေ့တို့တွင် ဗုံးစထိမှန် ဒဏ်ရာပြင်းရာရသွားပြီး၊ ဦးကျော်သံသာ အသက် ၅၉ နှစ်၏ ညာဖက် တံတောင်ဆစ်တွင် ဗုံးစထိမှန် ဒဏ်ရာ ပြင်းထန်ရသွားကြောင်း ရွာသားများက အတည်ပြုပြောသည်။

ထို့အပြင် ပုဏ္ဏားကျွန်းမြို့နယ်မှ ကလေးငယ် ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့မှာလည်း ဗုံးစထိမှန်ကာ ဒဏ်ရာ ပြင်းထန်ရသွားကြောင်း ကနဦး သတင်းရရှိသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ရွာရှိ ဆေးရုံးအား စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဆေးရုံရှေ့တွင်ရှိသည့် နေအိမ်အား ဗုံးထိမှန်ခဲ့ရာ ထိုအိမ်ရှိ ကလေးငယ် ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ဒဏ်ရာ ပြင်းထန်ရရှိသွားကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်သည် လူနေကျေးရွာများ၊ စစ်‌ဘေးရှောင်များ ရှိသည့်နေရာများ၊ ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများနှင့် သာသနိက အဆောက်အဦးများကို ရည်ရွယ်ချက်ချက် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက် စစ်ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်လျက်ရှိသည့်အပြင် အပြစ်မဲ့ ပြည်သူများများအား အစုလိုက် အပြုံလိုက် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုများကိုပါ ကျူးလွန်လျက်ရှိသည်ကို တွေ့ရသည်။

မေလ ၃၀/၃၁ ရက်နေ့များက စစ်တွေမြို့၊ ဗျိုင်းဖြူရွာမှ အပြစ်မဲ့ ပြည်သူ ၄၀ ကျော်တို့အား ပစ်ခတ်သတ်ဖြတ်ကာ မီးရှို့ အလောင်းဖျောက်လိုက်ပြီး အမျိုးသမီး ၃ ဦးအား မုဒိန်းကျင့်မှုကျူးလွန်ကာ အမျိုးသမီး ၂ ဦးကို သတ်ဖြတ်ခဲ့သည်။

ရက္ခိုင်ပြည်တွင် စစ်ကောင်စီ၏ အရပ်သား ပြည်သူများအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၄ ခုနှစ် မေလ ၁၃ ရက်နေ့အထိ အရပ်သား သေဆုံးသူ ၂၆၈ ဦး၊ ဒဏ်ရာရရှိသူ ၆၄၀ ဦးရှိခဲ့ပြီး အပြစ်မဲ့ပြည်သူ ၄၂၅ ဦးတို့အား စစ်ကောင်စီက ဖမ်းဆီးထားကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ၏ မေလ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ