AB News – သြဂုတ် ၁၁ ၊ ၂၀၂၅
ချန်ဒြာ
ပလက်ဝမြို့နယ် မီးဇာတိုက်နယ်တွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ကျန်းမာရေးဌာနက ဦးဆောင်၍ DLEPS တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းကာ ရေတွင်း ရေကန်များတွင် (Abate) ငှက်ဖျားနှင့် သွေးလွန်တုတ်ကွေးကာကွယ်ဆေးခတ်ခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Abate ဆေးခတ်ခြင်းကို ယမန်နေ့ သြဂုတ်လ ၁၀ ရက်နေ့က မြေပြင်ကွင်းဆင်းပြီး ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုအချိန်သည် မိုးရာသီဖြစ်သည့်အတွက် ခြင်ပေါက်ဖွားမှုအများဆုံးရာသီဖြစ်ပြီး ခြင်ကိုက်ခြင်းကြောင့် သွေးလွန်တုတ်ကွေးရောဂါ ၊ ငှက်ဖျားရောဂါ၊ အဖျားရောဂါ နှင့် ဝမ်းရောဂါများဖြစ်တတ်သည်။
”ကျမတို့အရပ်မှာက တော၊ တောင်တွေထူထပ်တေ့ာ တခြားဒေသတွေနဲ့စာရင် ပိုစိုးရိမ်ရတယ်။ ရာသီတုတ်ကွေးတွေအဖြစ်များတယ်။အခုလို လာရောက်ပြီး ရေတွင်း ၊ ရေကန်တွေမှာ ပိုးလောက်လန့်တွေ ကိုသေစေနိုင်တဲ့ဆေးခတ်ပေးလို့ ကျေးဇူးတင်ပါတယ် ” မီးဇာရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။
မိုးဦးကာလက ရက္ခိုင်ကတခြားသော ထိန်းချုပ်မြို့နယ်များတွင်လည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ကျန်းမာရေးဌာနက Abate ဆေးခတ်ခြင်းနှင့် ပိုးသတ်ဆေးဖြန်းပေးခြင်းများကို ပြုလုပ်ပေးခဲ့သည်ကို တွေ့ရသည်။





