သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နှစ်ဖက်စစ်ရေးပြင်းထန်နေသော ကျောက်ဖြူတွင် စကမတပ်မှ စစ်ဘေးရှောင်ပြည်သူများအား ဦးတည် ပစ်မှတ်ထားတိုက်ခိုက်နေဟု AA ဆို

AB News – ဇန်နဝါရီ ၂၄၊ ၂၀၂၆
ချန်ဒြာ

ရက္ခိုင်ပြည်၊ စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်နေသော ကျောက်ဖြူတွင် စစ်ကော်မရှင်တပ်မှ စစ်ဘေးရှောင်ပြည်သူများအား ဦးတည်ကာ ပစ်မှတ်ထားတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေသော ULA/AA က ယနေ့တွင် ထုတ်ပြန်ပြောဆိုလိုက်သည်။

စစ်ကော်မရှင်တပ်သည် ကျောက်ဖြူမြို့မှ စစ်ဘေးရှောင်ပြည်သူများနေထိုင်သော မူရွင်းကျေးရွာ၊ ကုန်ဘောင်ကျေးရွာ၊ ကျောက်ကလေကျေးရွာနှင့် ဇင်ချောင်း ကုန်ဘွေကျေးရွာများကို ယခုလတွင် ဆူဆိုဒ်ဒရုန်းအပါအဝင် လေကြောင်းတိုက်ခိုက်မှုများနှင့် ပင်လယ်ပြင်ရှိ နေဗီမှ လက်နက်ကြီးလှမ်းပစ်မှုများကို ဆက်တိုက်ပြုလု်ပလျက်ရှိနေကြောင်း သိရသည်။

ယနေ့ နေ့လည် ၁၂ နာရီ ၅၅ မိနစ်အချိန်နှင့် ၁၂ နာရီ ၅၈ မိနစ်အချိန်တို့တွင် စစ်ကော်မရှင်တပ်သည် မူရွင်းကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူများခိုလှုံရာ အထက်တန်း စာသင်ကျောင်းကို ဆူဆိုဒ်ဒရုန်း ၂ စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထို့ကြောင့် စာသင်ကျောင်းဝန်းအတွင်းရှိ အပြစ်မဲ့ စစ်ဘေးရှောင်ပြည်သူ ၂ ဦး သေဆုံးသွားခဲ့ရပြီး ကလေးငယ်များအပါအဝင် ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း AA က ဆိုသည်။

သေဆုံးသွားသူများမှာ ကျောက်ဖြူမြိုနယ်၊ သိုင်းချောင်းရွာမှ ဒေါ်ဖြူနုမ (၈၁ နှစ်) နှင့် ဦးမှဲဒေါင်း (၅၆ နှစ်) တိုဖြစ်ပြီး ဒဏ်ရာရရှိသွားသူများမှာ စိုင်ခြုံဒွိန်ကျေးရွာမှ မောင်အေးမင်းခိုင် (၉ လ) နှင့် ဒေါ်ခင်ဆန်းဝင်း (၃၄ နှစ်)၊ သိုင်းချောင်းကျေးရွာမှ ဒေါ်မမြရင် (၅၆ နှစ်) ၊ ဇိုင်ချောင်းကျေးရွာမှ ဒေါ်ဘနုမ (၆၇ နှစ်) နှင့် ဦးမောင်ကျော် (၆၃ နှစ်) တို့ ဖြစ်ကြသည်။

ထို့ပြင် တစ်ရက်တည်း ညနေ ၄ နာရီ ၄၀ မိနစ်ခန့်အချိန်တွင်လည်း စစ်ကော်မရှင်တပ်သည် မူရွင်းကျေးရွာအား ဆူဆိုဒ်ဒရုန်း ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ညနေ ၅ နာရီ ၂၀ မိနစ်ခန့်အချိန်တွင် ကုန်ဘောင်ရွာအား ဂျက်တိုက်လေယာဉ်ဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်တပ်သည် ဇန်နဝါရီလ ၂၂ ရက်နေ့တွင်လည်း ဇင်ချောင်း ကုန်ဘွေကျေးရွာအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ရသည်။

အလားတူ ဇန်နဝါရီလ ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင်လည်း ကျောက်ကလေကျေးရွာအား ဒရုန်းအပါအဝင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရုံသာမက ပင်လယ်ပြင်ရှိ နေဗီမှလည်း လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထို့သို့တိုက်ခိုက်မူများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၂ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ရပြီး ၂ ဦးဒဏ်ရာရရှိကာ ပြည်သူပိုင် နေအိမ်အချို့မှာလည်း မီးလောင်ပျက်စီးသွားခဲ့ရကြောင်း AA က ဆိုသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ