
AB News – နိုဝင်ဘာ ၂ ၊ ၂၀၂၅
ငုဝါ
အမ်း-ပဒါန်းလမ်းပေါ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူပေးရန် လာရောက်သည့် စကမ တပ်ဖွဲ့ဝင်များကို CDF-Asho က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စကမ တပ်သား ၂၆ ဦးကို အရှင်ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့ CDF-Asho ကထုတ်ပြန်လိုက်သည်။
ဖမ်းဆီးရမိသူများသည် စကမ၏ မတရားစုဆောင်းခံရသူများဖြစ်ကြောင်း CDF-Asho က ဆိုသည်။
၎င်းစစ်ကြောင်းသည် နတ်ရေကန်လမ်းဟောင်းတစ်လျှောက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေစဥ် ဖြတ်တိုက်ခဲ့ခြင်းဖြစ်ပြီး၊ တိုက်ခိုက်မှုအတွင်း လက်နက်ငယ် ၄ လက်အပါအဝင် ခဲယမ်းအများအပြားကိုပါ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စကမ ၏ အဓိကဗျူဟာကုန်းတစ်ခုဖြစ်သော နတ်ရေကန်စခန်းသို့ လေကြောင်းပစ်ကူနှင့် စစ်ကူများ ဆက်တိုက်ပေးပို့နေခြင်းကို CDF-Asho အနေဖြင့် နှစ်လကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းတိုက်ပွဲများအတွင်း စကမ ဘက်မှ တပ်သားအများအပြား သေဆုံးခဲ့ရပြီး လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းရရှိခဲ့ကြောင်းလည်း သိရှိရသည်။
CDF-Asho ဘက်မှမူ တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့ရကာ ခြေလက်အင်္ဂါဆုံးရှုံးသူ ၂ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၇ ဦး စုစုပေါင်း ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။