သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
‎ဒေါ်နယ်ထရမ့်၏ အပစ်အခတ်ရပ်စဲရေးကို  ရုရှားက ပယ်ချ၊ ယူကရိန်းကို ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်၍  ၁၆ ဦးသေဆုံး၊ ၁၅၅ဦး ဒဏ်ရာရ



‎AB News – သြဂုတ် ၁၊၂၀၂၅
‎နွယ်စိုး

‎ရုရှားမှ ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့ကို ဇူလိုင်လ ၃၁ ရက်နေ့ က  ဒုံးကျည်များအပါအဝင် ဒရုန်းများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင်  လူ ၁၆ဦးသေဆုံးခဲ့ပြီး ၁၅၅ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု BBC သတင်းဌာနတွင် ဖော်ပြထားသည်။

‎ရုရှားသည် ညအချိန်အတွင်း ဒရုန်း ၃၀၉ စင်းနှင့် ခရုဇ်ဒုံးကျည် ၈ စင်းတို့ဖြင့် ယူကရိန်းနိုင်ငံ ၊ကိယက်ဗ်မြို့တော်၏ ခရိုင် (၇)ခုကို  တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းလေတပ်မှ ပြောကြားခဲ့သည်။

‎အဆိုပါ တိုက်ခိုက်မှုအတွင်း ခြောက်နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ၁၆ဦး သေဆုံးခဲ့ပြီး ၁၅၅ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု  ယူကရိန်းပြည်ထဲရေး ဝန်ကြီးဌာနက ဆိုထားသည်။

‎ပြီးခဲ့သည့် ဇူလိုင်လ အစောပိုင်းက  ရုရှားသမ္မတ ဗလာဒီမာပူတင်ကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သြဂုတ်လ ၈ ရက်နေ့ မတိုင်မီ အပစ်အခတ်ရပ်စဲရေးကို သဘောတူခြင်းမရှိလျှင် မော်စကိုအပေါ် ပိုမိုပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် ခြိမ်းခြောက်ခဲ့သည်။

‎သို့သော်လည်း  ယူကရိန်းအပေါ် ရုရှား၏တိုက်ခိုက်မှုများသည် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

‎”ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံစလုံးက အပစ်အခတ်ရပ်စဲရေးနဲ့ တာရှည်ခံငြိမ်းချမ်းရေးကို ညှိနှိုင်းရမယ်။ သဘောတူညီချက်တစ်ခု လုပ်ဖို့ အချိန်တန်ပြီ” ဟု ကုလသမဂ္ဂဆိုင်ရာ ယာယီအမေရိကန်ကိုယ်စားလှယ် John Kelley က ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

‎ “သမ္မတ Trump က ဒါကို ဩဂုတ်လ ၈ ရက်နေ့ နောက်ဆုံးထားပြီး လုပ်ရမယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားပါတယ်” ဟုလည်း ၄င်းက ပြောခဲ့သည်။

‎ဇူလိုင်လ ၂၉ ရက်ကနေ့လည်း ရုရှားမှ ယူကရိန်းနိုင်ငံ ၊အရှေ့တောင်ပိုင်းတွင် ရှိသော သားဖွားဆေးရုံနှင့် အကျဥ်းထောင်တို့ကို လေကြောင်းဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့်  လူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့သည်။

‎ယူကရိန်းသမ္မတ Volodymyr Zelenskyက “ကျွန်တော်တို့ရဲ့၊ အမေရိကန်နဲ့ ဥရောပရဲ့ ငြိမ်းချမ်းရေးလိုလားချက်အပေါ် ရုရှားရဲ့ တုံ့ပြန်မှုကို ကမ္ဘာက မြင်လာရပြန်ပါပြီ။ နောက်ထပ် သရုပ်ပြ သတ်ဖြတ်မှုပဲ” ဟု ၎င်းက ဆိုရှယ်မီဒီယာတွင် ပြောကြားခဲ့သည်။

‎ယင်းအပြင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်း ယူကရိန်း စစ်လေယာဉ်ကွင်းများနှင့်  ခဲယမ်းသိုလှောင်ရုံများအပြင် စစ်ဖက်စက်မှုဆိုင်ရာ ဆက်စပ်စီးပွားရေးလုပ်ငန်းများကိုပါ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အတည်ပြု ပြောကြားထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ