AB News – အောက်တိုဘာ ၃၁ ၊ ၂၀၂၅
ငုဝါ
ယမန်နေ့ အောက်တိုဘာ ၃၀ ရက်နေ့က တောင်ကိုးရီးယားနိုင်ငံ ဘူဆန်မြို့၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတရှီကျန့်ဖျင်တို့၏ ၁ နာရီ ၄၀ မိနစ်ကြာ တွေ့ဆုံပွဲအပြီး ကုန်သွယ်ရေးဆိုင်ရာတင်းမာမှုလျော့ချရန် သဘောတူညီမှုရရှိခဲ့ကြောင်းသိရသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တွေ့ဆုံပွဲအပြီး Air Force One လေယာဥ်ပေါ်တွင် သတင်းထောက်များအား ကိစ္စတော်တော်များများကိုလည်းအပြီးသတ်နိုင်ခဲ့ကြောင်း၊ အကောင်းဆုံးက ၁၀ မှတ်ဆိုလျှင် ယခုတွေ့ဆုံပွဲဟာ ၁၂ ထိရကြောင်း နှင့် သေးစိတ်အချက်အလက်များနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်တစောင် ထုတ်ပြန်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခုတွေ့ဆုံပွဲအတွင်း အဓိက သဘောတူညီမှုများမှာ အမေရိကန်ဘက်မှ တရုတ်သွင်းကုန်များအပေါ် ချမှတ်ထားသည့် အခွန်ကို ၅၇ ရာခိုင်နှုန်း ကနေ ၄၇ ရာခိုင်နှုန်း အထိလျော့ချပေးရန်၊ တရုတ်ဘက်ကလည်း အပြန်အလှန်အားဖြင့် လူသေဆုံးမှုများစွာဖြစ်စေသည့် ဖန်တနိုင်းလ် (Fentanly) မူးယစ်ဆေးဝါးကုန်သွယ်မှုကို ထိထိရောက်ရောက်နှိမ်နှင်းပေးရန်နှင့် အမေရိကန် လယ်သမားများအတွက် အရေးပါသည့် ပဲပိစပ်များကို ပြန်လည်ဝယ်ယူရန်တို့ ဖြစ်ကြသည်။
ထို့ပြင် ကမ္ဘာ့နည်းပညာနှင့် စက်ပစ္စည်းထုတ်လုပ်ရာတွင် အရေးပါသည့် မြေရှားသတ္တုများတင်ပို့မှုကန့်သတ်ချက်ကို တစ်နှစ်ကြာရပ်ဆိုင်းပေးရန်တို့လည်း ပါရှိသည်။
အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ယခုလအစောပိုင်းတွင် တရုတ်သွင်းကုန်များကို ၁၀၀ ရာခိုင်နှုန်း အခွန်တိုးမြင့်ကောက်ခံမည်ဟု ပြောကြားပြီးနောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ယခုတွေ့ဆုံပွဲသည် ၂၀၁၉ ခုနှစ်နောက်ပိုင်း မေရိကန်သမ္မတနှင့် တရုတ်သမ္မတတို့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံခြင်းဖြစ်သည်။





