

AB News – ဒီဇင်ဘာ ၃ ၊ ၂၀၂၄
ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ် ၊ ခရိုင်ကျေးရွာကို အကြမ်းဖက်စစ်ကောက်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ထိခိုက်ဒဏ်ရာရရှိသွားခဲ့ရသူများထဲမှ ဆယ်ကျော်သက်အရွယ်အမျိုးသမီးငယ်တစ်ဦး ထပ်မံ သေဆုံးသွာခဲ့ကြောင်း သိရှိရသည်။
သေဆုံးသွားသော ကလေးငယ်မှာ တောင်ကုတ်မြို့နယ် ၊ သာယာအေးကျေးရွာနေ အဖ ဦးမောင်ဖြူ၏သမီး ၊ အသက် ၁၂ နှစ်အရွယ် မနှင်းယုလှိုင်ဖြစ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက်နေ့ ၊ ညနေ ၃ နာရီကျော်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီ၏ တောင်ကုတ်မြို့နယ် ၊ ခရိုင်ကျေးရွာသို့ လေကြောင်းမှ ဗုံး ၄ လုံးကြဲတိုက်ခိုက်မှုကြောင့် မနှင်းယုလှိုင်သည် ဝမ်းဗိုက်တွင်ပြင်းထန်ဒဏ်ရာ ရရှိသွားခဲ့ရသူဖြစ်သည်။
၎င်းသည် ဆေးရုံတွင် ဆေးကုသမှုခံယူ၍ ဒီဇင်ဘာလ ၂ ရက်နေ့ ၊ နံနက် ၅ နာရီအချိန်ခန့် အိမ်အပြန်လမ်းတွင် အသက် သေဆုံးသွားကြောင်း သိရှိရသည်။
၎င်းအား ဒီဇင်ဘာလ ၂ ရက်နေ့ ၊ နေ့လည် ၂ နာရီ ၄၀ မိနစ်အချိန်တွင် နာရေးကူညီမှုအသင်းတစ်ခု၏ အကူအညီဖြင့် သင်္ဂြိုလ်ခဲ့ကြောင်း သိရှိရသည်။
ထိုဖြစ်စဥ်အတွင်း စစ်ဘေးရှောင် ၂ ဦးပွဲချင်းပြီးသေဆုံးသွားပြီး ၊ ထိခိုက်ဒဏ်ရာရရှိသူများမှာ နီးစပ်ရာဆေးရုံ ၊ ဆေးခန်းများတွင် ဆေးကုသမှုခံယူနေကြရကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၂၅ ရက်နေ့၊ ညနေ ၄ နာရီအချိန်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီသည် တောင်ကုတ်မြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကံပိုင်ရပ်ကွက် ညစျေးတန်းမှ စျေးဆိုင်များနှင့် နေအိမ်အချို့ မီးလောင်ပျက်စီးသွားခဲ့သည်။
နိုဝင်ဘာလ ၁၉ ရက်နေ့ ၊ နံနက် ၁၀ နာရီခွဲအချိန် တောင်ကုတ်မြို့နယ် သင်္ချိုင်းကိုင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ် ၂ ဦးအပါအဝင် ၊ ၄ ဦးသေဆုံးသွားခဲ့ရသည်။
စစ်ကောင်စီထိန်းချုပ်ထားသည့် တောင်ကုတ်မြို့ကို အာရက္ခတပ်တော် AA ကအပြီးသတ် သိမ်းပိုက်ထားပြီး ၊ မြို့ပြင်၌ ရှိသည့် စစ်ကောင်စီ၏ အဓိက တပ်မဌာနချုပ်များအား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရှိရသည်။