
AB News-ဒီဇင်ဘာ၂၊၂၀၂၄
ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ခရိုင်ကျေးရွာကို အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ဘေးရှောင် ၂ ဦး သေဆုံး၍ ၁၉ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၃ နာရီခွဲလောက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံး၊ ထိခိုက်ဒဏ်ရာရသူများမှာ စစ်ဘေးရှောင်များ ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။
သေဆုံးသွားသူများမှာ တောင်ကုတ်မြို့၊ ဆေးရုံကွက်သစ်ရပ်ကွက်မှ ခရိုင်ကျေးရွာတွင် စစ်ဘေးရှောင်နေသော အသက် (၇၁)နှစ်အရွယ် ဒေါ်မသိန်းနှင့် သာယာအေးရွာမှ အသက် (၁၇)နှစ်အရွယ် မောင်ကျော်သက်နိုင်တို့ဖြစ်ကြသည်။
အကြမ်းဖက်စစ်ကောင်စီတပ်အနေဖြင့် ယမန်နေ့ ညနေ ပိုင်း ၃ နာရီခွဲလောက်မှာ ခရိုင်ရွာကို ဂျက်ဖိုင်တာ နဲ့ ဗုံး ၄ လုံးကြဲချခဲ့ပြီး၊ ထိုနေရာတွင်ပင် ဒေါ်မသိန်းနှင့် မောင်ကျော်သက်နိုင်တို့မှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

တောင်ကုတ်မြို့တွင် လက်ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အာရက္ခတပ်တော်က အလုံးစုံ ထိမ်းချုပ် သိမ်းပိုက်ရရှိနိုင်ရေး ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်းလည်း စုံစမ်းသိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရက္ခိုင်တွင် အရပ်သားပြည်သူ ၁၄ ဦးသေဆုံးပြီး ၂၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ABN ကပြုစုထားသည့် သတင်းအချက်အလက်များအရ သိရသည်။
ဓာတ်ပုံ-APM