သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်တွင် စစ်ဘေးရှောင်နေအိမ်များ ဖောက်ထွင်းသူ ၂၉ ဦးကို DLEPS ဖမ်းဆီး

AB News – ဇူလိုင် ၂၆၊ ၂၀၂၅
မျိုးဟိန်း

ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့ရှိ စစ်ဘေးရှောင်ပြည်သူများ နေထိုင်သည့် နေအိမ်များမှ ဖောက်ထွင်းခိုးယူသူများနှင့် ခိုးရာပါပစ္စည်းများ လက်ခံသူများကို အာရက္ခပြည်သူ့​တော်လှန်​ရေးအစိုးရ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) မှ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့တွင် ဖမ်းဆီး အရေးယူခဲ့ကြောင်း တောင်ကုတ်ဒေသခံများက ပြောသည်။

DLEPS အဖွဲ့မှ စစ်ဘေးရှောင်နေအိမ် ဖောက်ထွင်းသူ ၂၃ ဦးအပြင် ခိုးယူလာသည့် ပစ္စည်းများကို လက်ခံသူ ၆ ဦး၊ စုစုပေါင်း ၂၉ ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။
ဖမ်းဆီးမှုအတွင်း DLEPS အဖွဲ့မှ တရားခံများနှင့်အတူ ခိုးယူထားသည့် ပစ္စည်းများကိုလည်း ပြန်လည်သိမ်းဆည်းနိုင်ခဲ့သည်။

တောင်ကုတ်ဒေသခံ အမျိုးသားတစ်ဦးက “တောင်ကုတ်မှာ တိုက်ပွဲကာလတွေက ဖောက်ထွင်းခိုးယူမှုတွေ ပေါများလာတယ်။ ပစ္စည်းတွေက ခဏခဏ ဖောက်ထွင်းခံနေရတယ်။ ပြည်သူတွေကတော့ ULA/AA ကို တိုင်ကြတာလည်း တွေ့တယ်။ ခုလို အရေးယူဆောင်ရွက်ပေးတာကို ပြည်သူတစ်ယောက်အနေနဲ့ ကြိုဆိုပါတယ်” ဟု ဆိုသည်။

ထို့အပြင် တိုက်ပွဲကာလ တောင်ကုတ်မြို့တွင်း ဖောက်ထွင်းခိုးယူမှုများမှာ ယခုထက်ပိုမိုများပြားနိုင်ပြီး လွတ်မြောက်နေသေးသည့် တရားခံများကိုလည်း ယခုကဲ့သို့ အရေးယူဆောင်ရွက်ပေးစေလိုကြောင်း တောင်ကုတ်ဒေသခံများက တောင်းဆိုကြသည်။

ဒေသခံအမျိုးသမီးတစ်ဦးကလည်း “တောင်ကုတ်မှာက ဖောက်ထွင်းမှုတွေ အများကြီး ဖြစ်ခဲ့တာပါ။ တခြား လွတ်မြောက်နေသူတွေလည်း ရှိနိုင်ပါသေးတယ်။ သူတို့ကိုလည်း အရေးယူပေးစေချင်ပါတယ်။ ခုလို အရေးယူပေးတာတွေ မြင်ရတော့ ပြည်သူတွေအနေနဲ့လည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ လက်အောက်မှာ လုံခြုံမှုတွေ ပိုပြီး ရှိလာတယ်” ဟုဆိုသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် တောင်ကုတ်မြို့ကို အာရက္ခတပ်တော်မှ အလုံးစုံ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိတွင် ဒေသအတွင်း တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့လုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်းလုပ်ဆောင်နေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ