Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တိုက်ပွဲပြင်းထန်နေသည့် မောင်တောမြို့တွင်  စစ်ကောင်စီက ကုန်းလမ်းများ အားလုံးကိုပိတ်ဆို့ထား၊ တံတား ၃စင်းကိုမိုင်းခွဲဖျက်ဆီး

AB News – မေ ၈၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မောင်တောမြို့တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက မောင်တောမြို့ဝင်/ထွက်ဂိတ်များအားလုံးကို ယနေ့ပိတ်ဆို့လိုက်ကာ တံတား ၃စင်းကိုလည်းမိုင်းခွဲဖျက်ဆီးလိုက်ကြောင်း သတင်းရရှိသည်။

ယနေ့ မေလ ၈ ရက်၊ နံနက်ပိုင်းတွင် မောင်တောမြို့ ကညင်ချောင်းစီးပွားရေးဇုန်အနီးတွင်ရှိသည့် စစ်ကောင်စီတပ်သားများကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခဲ့ရာ ၂ ဖက် စစ်ရေးပြင်းထန်နေကြောင်း သိရသည်။

မောင်တောမြို့အဝင်/အထွက်လမ်းများအားလုံးကို စစ်ကောင်စီက ပိတ်ဆို့ထားလိုက်ပြီးဖြစ်ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“တိုက်ပွဲပြင်းထန်နေပါတယ်။ စစ်ကောင်စီက မောင်တောမြို့အဝင်/အထွက်ဂိတ်တွေ၊ လမ်းတွေအကုန်လုံးကိုပိတ်ထားလိုက်ပါပြီ။ ပြည်သူတွေလည်း အပြင်မထွက်ဝံ့ဘူး။ နေဗီတွေကလည်း လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတယ်” ဟုဆိုသည်။

အကြမ်းဖက်စစ်ကောင်စီသည် မောင်တောမြို့နယ်အတွင်းရှိ စစ်ရေးအရ အဓိကအရေးပါသည့် တံတား ၃ စင်းကိုလည်း ဖျက်ဆီးထားသည်ကို တွေ့ရသည်။

ယနေ့ မေလ ၈ ရက်၊ နံနက် ၇ နာရီ ၃၀ မိနစ်တွင်မြို့သူကြီးအခြေစိုက် စစ်ကောင်စီတပ်သား ၃၀ ခန့်က  ၃ မိုင်/ ကျီးကန်းပြင်ကားလမ်းမအထက် ဇူလမှုရွာအနီးရှိ အလျား ( ၁၀၀) ပေ၊ အနံ ( ၁၂) ပေရှိသည့် ၃ မိုင်သံတံတားကို  မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့အပြင် မေလ ၇ ရက်၊ ညဥ့် ၁၂ ရီအချိန်တွင် ၃ မိုင် မောင်တောကားလမ်းနှင့် ဇူလရွာသို့ ဆက်သွယ်ဖောက်လုပ်ထားသည့် အလျား ( ၁၆) ပေ၊ အနံ ( ၁၂) ပေရှိသော ကံကျမြောက်ရွာ ကွန်ကရစ်တံတားကိုလည်း ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

အလားတူ အကြမ်းဖက်စစ်ကောင်စီနှင့် စစ်သွေးကြွမူဆင်များသည် ပြီးခဲ့သည့် မေလ ၆ ရက် ညဥ့် ၁၂ နာရီတွင်လည်း မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာအုပ်စု ဂေါင်ညာရွာ – လဘော်ဇားရွာကြား အလျား ( ၅၀၀) ပေ၊ အနံ ( ၁၂ )ပေ ရှိသော ကွန်ကရစ်တံတားကို မိုင်းခွဲဖျက်ဆီးခဲ့သည်ကိုတွေ့ရသည်။

ထို့အပြင် စစ်ကောင်စီသည် မောင်တောမြို့အဝင် နခခ (၅) အနီးရှိသည့် ဝေသာလီရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့ရာ ကျေးရွာတွင်းရှိ ပြည်သူများကို သေနတ်ဖြင့် လိုက်ပစ်ခဲ့၍ အသက် ၃၅ နှစ်အရွယ် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ရပြီး ထိုအမျိုးသမီး၏ သားနှင့် သမီးတို့မှာလည်း ကျည်ထိ ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ