AB News – နိုဝင်ဘာ ၁၊ ၂၀၂၅
ဖြိုးဝေ
PSLF/TNLA ထိန်းချုပ်ထားသည့် ဒေသများကို အောက်တိုဘာလအတွင်း စစ်ကော်မရှင်၏ ဗုံးကြဲ
တိုက်ခိုက်မှုကြောင့် သံဃာတော်အပါဝင် အရပ်သားပြည်သူ ၄၉ ဦးသေဆုံးခဲ့ပြီး ၇၈ဦးဒဏ်ရာရရှိခဲ့သည် ဟု တအောင်းတပ် TNLA က ယနေ့တွင်ထုတ်ပြန်လိုက်သည်။
သေဆုံးသွားသူများတွင် သံဃာတော် ၂ ပါး၊ ကလေး ၁၀ ဦး၊အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၂၁ ဦးဖြစ်ပြီး သံဃာတော် ၆ ပါး၊ ကလေးငယ် ၂၆ ဦး၊ အမျိုးသား ၂၀ ဦးနှင့် အမျိုးသမီး ၁၉ ဦးတို့ ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်တပ်သည် ကျောက်မဲ၊ နမ္မတူ၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ့်ဆန်နှင့် မိုးကုတ်၊ မိုးမိတ်တို့ကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့်အောက်တိုဘာလအတွင်းစစ်ကော်မရှင်သည် TNLA ထိန်းချုပ်ထားသောနေရာများကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့သည့်အပြင် လေကြောင်း၊ဒရုန်းများဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့သည်။
ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၁၇၅ အိမ်၊ စာသင်ကျောင်း ၅ ကျောင်း၊ ဘုန်းကြီးကျောင်း ၇ ကျောင်း၊ ကျောင်းဆောင် ၉ ဆောင်၊ အဆောက်အဦး ၆ ခု၊ မွေးမြုရေးခြံ ၂ ခြံ၊ ဆိုင်ခန်း ၅ ခု ၊ လက်ဖတ် စက်ရုံ ၁ ရုံ၊ ဆိုင်ကယ် ၄ စီးနှင့် ကား ၁၀ စီး ထိမှန် ပျက်စီးခဲ့ရသည်။
ထို့ကြောင့်မိဘပြည်သူများအနေဖြင့် စစ်ကော်မရှင်၏ ဗုံးကြဲတိုက်ခိုက်မှုများအား ရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန် လိုအပ်ပြီး လေကြောင်းဘေးအန္တရာယ်မှ ကာကွယ်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်လမ်းများကို လိုက်နာဆောင်ရွက်ရန်လိုအပ်သည်။





