
AB News – ဒီဇင်ဘာ ၂၊ ၂၀၂၅
ချန်ဒြာ
စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော်(AA) တို့ နှစ်ဖက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသော ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့သို့ တပ်မ ၁၁ မှ တပ်သားအင်အား ၅၀၀ ခန့်ကို ရေလမ်းဖြင့် ပို့ဆောင်နေကြောင်း ယမန်နေ့ ဗိုလ်ကြီးဇင်ယော်၏ စစ်ရေးလေ့လာသုံးသပ်ချက်အရ သိရသည်။
“ရက္ခိုင်ပြည်နယ်ကိုတော့ ကျွန်တော်ပြောခဲ့တဲ့ ရန်ကုန်မုန့်ဟင်းခါးတွေ ထွက်ခွာလာနေကြပြီ ဖြစ်ပါတယ် ။ လေယာဉ်နဲ့ပိုဆောင်ခြင်းမဟုတ်ဘဲ ရေလမ်းကြောင်းကနေ ပိုလိုက်ပြီ ဖြစ်ပါတယ်။ တပ်မ ၁၁ ရဲ့ နဗဟ ၁၁၁ မျိုးမင်းသန့် ဦး-စီးတဲ့ ခမရ ၂၁၂၊ ၂၁၃ နဲ့ ၂၁၉ ခန့်မှန်း အင်အား ၅၀၀ ဝန်းကျင် ဖြစ်ပြီး ကျောက်ဖြူတပ်နယ်သို့ ဦးတည်လာခြင်း ဖြစ်ပါတယ်။ ရန်ကုန်မုန့်ဟင်းခါးတွေကို ရခိုင်မုန့်တီအဖြစ် ဘယ်လိုပြောင်းလဲပစ်မလဲဆိုတော့ များမကြာခင် တွေ့မြင်ကြရတော့မှာ ဖြစ်ပါတယ်” ဟု ဗိုလ်ကြီး ဇင်ယော်က ရေးသားဖော်ပြထားသည်။
တပ်မ ၁၁ မှ နဗဟ ၁၁၁ မျိုးမင်းသန့် ဦးစီးသည့် ခမရ ၂၁၂၊ ၂၁၃ နှင့် ၂၁၉ မှ ခန့်မှန်းအင်အား ၅၀၀ ဝန်းကျင်သည့် ရေလမ်းဖြင့် ကျောက်ဖြူတပ်နယ်သို့ ဦးတည်သွားနေခြင်းဖြစ်သည်။
လက်ရှိကျောက်ဖြူတွင် စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော်တို့ နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားနေပြီး ရန်ကုန်မှ ရက္ခိုင်သို့ လေကြောင်းဖြင့် ပြန်လာသူများ ကျော်ဖြူသို့ရောက်လျှင် စကမက မြို့ပြင်သို့ လုံးဝထွက်ခွင့်မပေးဘဲ ကျောက်ဖြူမြို့တွင်း ပိတ်လှောင်ထားပြီး ကျောက်ဖြူမှ နေရပ်မပြန်နိုင်ဘဲ ပိတ်လှောင်ခံထားရသော ခရီးသည် ရာချီရှိကြောင်း သိရသည်။
ထို့ပြင် ကျောက်ဖြူတွင် ယခုလ ဒီဇင်လာလအတွင်း ပြုလုပ်မည့် စကမ၏ အတုအယောင်ရွေးကောက်ပွဲကို ယှဉ်ပြိုင်ကြမည့် ပါတီများက အပြိုင်အဆိုင် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေကြသည်။
ငဖဲမြို့အတွင်း စစ်ရေးအခြေအနေ ပြင်းထန်နေပြီး နယ်မြေချင်းထိစပ်နေသော စကုမြို့နယ်အတွင်းတွင် စစ်ကော်မရှင်က ယခုလအတွင်း ကျင်းပပြုလုပ်မည့် တရားမဝင်အတုအယောင်ရွေးကောက်ပွဲအတွက် အပြင်းအထန်ပြင်ဆင်နေကာ ကြံဖွတ်ပါတီ၏ ခေါင်းဆောင် ခင်ရီ ကိုယ်တိုင်လာရောက်မဲဆွယ်စည်းရုံးရေး ဆင်းသွားခဲ့သည်။
အလားတူ ပဒါန်းတပ်နယ် နတ်ရေကန် စစ်ဒေသတွင် သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့် လက်နက်၊ ရိက္ခာများဆက်တိုက်ချပေးနေပြီး နှစ်ဖက် ဒရုန်းတိုက်ခိုက်မှု အပြန်အလှန်ရှိနေကြောင်း ဆိုသည်။