သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ဘေးသင့်ပြည်သူတွေကို ပစ်မှတ်ထား မဲဆွယ်ကြသူများ

 (ဆောင်းပါး)

ဆောင်းပါးရှင်-မာမဃ

Arakan Bay News-နိုဝင်ဘာ ၂၉၊ ၂၀၂၅

ဒီအချိန်ဟာ ရွေးကောက်ခံမယ့် ရခိုင်အမတ်လောင်းတွေ ရင်ခုန်နေချိန် ဖြစ်မှာပါ။

ဘာကြောင့်လဲဆိုရင် စစ်ကောင်စီဟာ ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲ အပိုင်း (၁)ကို မြို့နယ် ၁၀၂ ခုမှာ ကျင်းပဖို့ အချိန် တလသာလိုပါတော့တယ်။ နောက်ပြီးတော့ အခု ရွေးကောက်ပွဲဟာ အရင်ကလို ပြည်သူ ထောက်ခံမှုရ ပါတီတွေ မပြိုင်ဘဲ အားနည်းသူ၊ လွှတ်တာ်ထဲနေရာ မရခဲ့တဲ့ ပါတီတွေ ဗိုလ်လုရမဲ့ ပွဲမို့ပါ။

စစ်အုပ်စုရွေးကောက်ပွဲနဲ့ ရခိုင်ပါတီတွေ

အခု ရွေးကောက်ပွဲ အပိုင်း (၁) ဟာ ရခိုင်ပြည်ထဲ စစ်ကောင်စီ ထိန်းချုပ်နယ်မြေ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် ၃ မြို့နယ်လုပ်မှာပါ။ AA ဆီမှာ ဆုံးရှုံးထားတဲ့ အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ဂွမြို့နယ်တွေကိုလည်း နောက်ထပ်အပိုင်းတွေမှာ ရွေးကောက်ပွဲလုပ်ဖို့ စစ်ကောင်စီက စာရင်းထည့်ထားပါတယ်။

ဝင်ပြိုင်မယ့် ပါတီတွေကတော့ ဦးဘရှိန်ဦးဆောင်တဲ့ ရခိုင်တိုင်းရင်းသားများ ပါတီ၊ ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ၊ ဦးအေးကြိုင် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ၊  ဦးဦးသန်းဌေး ဦးဆောင်တဲ့ ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ ဦးစံသာအောင် ဦးဆောင်တဲ့ မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီတို့ ဖြစ်ပါတယ်။

ဒီနေရာမှာ ရခိုင်ရွေးကောက်ပွဲနဲ့ ရန်ကုန်ရွေးကောက်ပွဲဆိုပြီး နှစ်မျိုးခွဲပြီး ရှုမြင်ပါတယ်။ ဆိုလိုတာက ရခိုင် မြို့ ၃ ခု ကနေ ဝင်ပြိုင်မယ့်သူတွေနဲ့ ရန်ကုန်ကနေ ဝင်ပြိုင်ကြမယ့် သူတွေမို့ပါ။

ဒီရွေးကောက်ပွဲဟာ အရင်တုန်းကလို ရိုးရှင်းမနေပါဘူး။ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွေကို မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP)၊ အမျိုးသားလွှတ်တော်နဲ့ တိုင်း/ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တွေကို မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) အပြင် အချိုးကျကိုယ်စားပြုစနစ် (PR) နဲ့၊ FPTP နဲ့ PR နှစ်မျိုးပေါင်းထားတဲ့ (MMP) စနစ်တွေနဲ့ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။ ဒါက ပြည်သူတွေကို နားလည်မှု ရှုပ်ထွေးစေပါတယ်။

ရခိုင်ပြည် ရွေးကောက်ပွဲနဲ့ ပါတီတွေရဲ့ ကတိကဝတ်

ဒီနေ့ ရခိုင်ပြည်ထဲက စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ်တွေမှာ အမတ်လောင်းတွေဟာ ဒုက္ခရောက်နေကြတဲ့ စစ်ဘေးရှောင်တွေ အခြေခံလူတန်းစားတွေကို ပစ်မှတ်ထား မဲဆွယ်စည်းရုံးနေကြပါပြီ။

ရခိုင်တိုင်းရင်းသားများပါတီ(RNP) ရဲ့ စစ်တွေမြို့နယ် မဲဆန္ဒနယ်မှာ ပြိုင်မယ့် အမတ်လောင်းတွေကတော့ ပြည်သူ့လွှတ်တော်မှာ ဒေါ်သန်းသန်းအေး (ခ)ဒေါ်သက်နှင်းနွယ်၊ အမျိုးသားလွှတ်တော်မှာ ဦးအောင်မြတ်သူ၊ ပြည်နယ်လွှတ်တော်မှာ ဦးဇော်ထွန်း၊ ချင်းတိုင်းရင်းသားဝန်ကြီး (ပြည်နယ်) အမတ်လောင်း ဦးကြည်တင်တို့ ဖြစ်ပါတယ်။

ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်မှာတော့ ဦးသန်းလှိုင်ထူး၊ အမျိုးသားလွှတ်တော်မှာ ဦးဘရှိန်၊ ပြည်နယ် လွှတ်တော် ဦးတင်ရွှေတို့ ဖြစ်ပါတယ်။ မာန်အောင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်မှာ ဦးကျော်သန်း၊ အမျိုးသား လွှတ်တော်မှာ ဦးတင်ညို၊ ပြည်နယ်လွှတ်တော်မှာ ဒေါ်ကြည်ကြည်ဇင်တို့ကို မြင်ရပါတယ်။

RNP ဥက္ကဌ ဦးဘရှိန်ဟာ ကျောက်ဖြူ၊ မာန်အောင်မြို့နယ်တွေမှာ စည်းရုံးရေးဆင်းနေတာတွေ့ရပါတယ်။ အဓိကတော့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြတဲ့ သက်ကြီးရွယ်အိုနဲ့ စစ်ဘေးရှောင်တွေကို စားနပ်ရိက္ခာ ပေးပြီး သူတို့ပါတီကို မဲထည့်ဖို့ တရားဟောနေတာပါ။

ဦးဘရှိန်ရဲ့ ရွေးကောက်ပွဲ ကတိကဝတ်ကတော့ “ ရခိုင်တွေဟာ လက်နက်ကိုင် ပဋိပက္ခနဲ့ နေရာ အသီးသီးမှာ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရတာကြောင့် ဒီဒုက္ခတွေကို နည်းလမ်းရှာပြီး အစွမ်းကုန် ကြိုးစားဖြေရှင်းမယ် ” လို့ နိုဝင်ဘာ ၂၂ ရက် MRTV အစီအစဉ်မှာ ပြောခဲ့ပါတယ်။ ဒါ့အပြင် မာန်အောင်မြို့နယ်မှာ ဆိုလာစက်ရုံတွေ၊ လေယာဉ်ကွင်းတွေ ပြုပြင်ပေးမယ်လို့ ပြောပါတယ်။

ရခိုင့်ဦးဆောင်ပါတီ AFP မှာတော့ စစ်တွေမြို့နယ်မှာ အမျိုးသားလွှတ်တော် အမတ်လောင်း ဒေါက်တာအေးမောင်၊ ပြည်သူ့လွှတ်တော် ဦးသာအေး၊ ပြည်နယ်လွှတ်တော် ဦးသိန်းထွန်းဦးတို့ဖြစ်ပါတယ်။

ကျောက်ဖြူမြို့နယ်မှာတော့ ပြည်သူ့လွှတ်တော် ဦးဘသိန်းရင်၊ အမျိုးသားလွှတ်တော် ဦးတင်ထွန်း၊ ပြည်နယ် လွှတ်တော် ဦးခင်စောနဲ့ မာန်အောင်မြို့နယ် ပြည်သူ့လွှတ်တော်မှာ ဒေါ်မြခွာညို၊ အမျိုးသားလွှတ်တော်မှာ ဦးမင်းမင်းထွန်း၊ ပြည်နယ်လွှတ်တော်မှာ ဦးထွန်းဝင်းတို့ကို တွေ့ရပါတယ်။

ဒေါက်တာအေးမောင်က “အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန် ပစ္စည်း စရိတ်ကြီးမားနေတဲ့ ရခိုင်ပြည်သူတွေရဲ့ အခက်အခဲကို ဖြေရှင်းပေးမယ်။ ရခိုင်ပြည် ငြိမ်းချမ်းရေး၊ စစ်ဘေးရှောင်တွေ နေရပ်ပြန်ရေး၊  ပြန်လည်ထူထောင် ရေး၊ နယ်စပ်အရေး စတဲ့လိုအပ်ချက်တွေကို လုပ်ပေးမယ်လို့ အောက်တိုဘာ ၃၀ ရက်က MRTV ကနေ ရွေးကောက်ပွဲ ကတိပေးထားပါတယ်။

မြိုတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီကတော့ စစ်တွေမြို့နယ်တခုတည်းကနေ ၃ နေရာ ဝင်ပြိုင်မှာပါ။စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော်မှာ ဦးမောင်ဝင်းလှိုင်၊ အမျိုးသားလွှတ်တော်မှာ ဒေါ်ညိုမာဝင်းနဲ့ နောက် PR စနစ်နဲ့ အမတ်တဦးဝင်ပြိုင်မှာ ဖြစ်ပါတယ်။

လူမှုစီးပွား၊ လမ်းပန်းဆက်သွယ်ရေး ရိုးရာယဉ်ကျေးမှု ထုံးတမ်းစဉ်လာ၊ သမိုင်းတို့ကို ဖော်ထုတ်ရေးအတွက် ရွေးကောက်ပွဲဝင်ပြိုင်တာလို့ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ၊ အတွင်းရေးမှူး ဦးမောင်ဝင်းလှိုင်က နိုဝင်ဘာ ၁၀ ရက် MRTV ကနေ ပါတီစည်းရုံးရေး မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။

ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီကတော့ ဒီနေ့အချိန်ထိ ပါတီလှုပ်ရှားမှု၊ မဲဆွယ်စည်ရုံးမှုတွေကို ထင်ထင် ရှားရှား မမြင်ရသေးပါဘူး။ ဒါပေမဲ့စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော်နေရာမှာ ဦးကျော်ဆန်းဦးကို အမည်စာရင်း သွင်းထားတာတော့ တွေ့ရပါတယ်။ နောက်ထပ် ဘယ်မဲဆန္ဒနယ်တွေက ဘယ်နှစ်ဦး ပြိုင်မှာကို တိတိပပ မသိရသေး ပါဘူး။

ဒီနေရာမှာ မြို၊ ခမီလူမျိုးစုတွေဟာ ရခိုင်ပြည်မြောက်ပိုင်း ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ ပုဏ္ဏားကျွန်း ဘူးသီးတောင်၊ မောင်တောစတဲ့ မြို့နယ်တွေမှာ အများစုနေထိုင်ကြတာဖြစ်ပြီး၊ ဒီဒေသတွေဟာ အာရက္ခတပ် တော်ရဲ့ ထိန်းချုပ်မှုအောက်မှာ အပြည့်အဝ ရှိနေပါတယ်။ ဒါကြောင့် မဲဆန္ဒနယ် နည်းတယ်လို့ နားလည်ရပါတယ်။

ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီမှာတော့ စစ်တွေမြို့နယ် ပြည့်သူ့လွှတ်တော်မှာ ဒေါ်ခင်မော်လီဇော် ပြိုင်မယ်လို့ သိရပါတယ်။ ပါတီ လှုပ်ရှားနေမှုတော့ ဒီနေ့အထိ မျက်နှာထုတ်ပြတာ မတွေ့ရသေးပါဘူး။

ဒါတွေကတော့ ရခိုင်ပြည်ထဲက ပါတီတွေ၊ အမတ်လောင်းတွေနဲ့ ရွေးကောက်ပွဲအခြေအနေကို ဒီနေ့အချိန်ထိ ထုတ်ပြန်ချက်တွေထဲက စုဆောင်းပြီး သိထားသမျှကို ဖော်ပြခဲ့တာဖြစ်ပါတယ်။

ရန်ကုန်ကောက်ပွဲနဲ့ အမတ်လောင်းတွရဲ့ ကတိကဝတ်

ဒီတခါတော့ ရန်ကုန်တိုင်းထဲက ရခိုင်ရွေးကောက်ပွဲအကြောင်းကို သွားကြည့်ရအောင်ပါ။ ရန်ကုန်တိုင်းထဲမှာ ဝင်ပြိုင်ကြမယ့် ရခိုင်ရွေးကောက်ပွဲဟာလည်း စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

ဘာကြောင့်လဲဆိုရင် ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးတနေရာကို ရခိုင်ပါတီတွေ မပြိုင်ကြပါဘူး။ ဒါပေမဲ့ ရန်ကုန်ရောက် ရခိုင်အမတ်လောင်း (၇)ဦး အကြိတ်အနယ် ပြိုင်ကြမှာဖြစ်လို့ပါ။ ဒီအထဲမှာ ရခိုင်ပါတီ မဟုတ်တဲ့ အခြားပါတီက အမတ်လောင်းတွေ၊ တစ်သီး ပုဂ္ဂလတွေကိုလည်း တွေ့ပါတယ်။

(၁) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီက ဦးနေမင်းထွန်း၊ (၂) ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီ (PP)က ဦးသာစိန်၊ (၃) ဒေါ်သက်သက်ခိုင်ရဲ့ ပြည်သူ့ ရှေ့ဆောင်ပါတီ (PPP)က ဒေါ်အေးမာလွင် (၄) ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ)က ဦးတင်မောင်၊ (၅ ) ငြိမ်းချမ်းရေး အကျိုးဆောင်ပါတီ ဒေါ်ခင်နှင်းဆီအောင်၊ (၆) တစ်သီးပုဂ္ဂလ အဖြစ် ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်နဲ့ (၇) ဦးညီညီတို့ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းထဲမှာ ယခင်နဲ့ အခု စစ်ရေးပဋိပက္ခကြောင့် ရခိုင်လူမျိုး ၅ သိန်းကျော်ရောက်နေတယ်လို့ အမတ် လောင်းတွေ ပြောပါတယ်။ အင်တာနက် အသုံးပြုခွင့်ရတဲ့ ရန်ကုန်မှာတော့ ရခိုင်ပြည်ပါတီတွေထက် အင်တိုက်အားတိုက် မဲဆွယ်နေတာကို မြင်ရပါတယ်။

ကြံခိုင်ရေးပါတီကနေ ဝင်ပြိုင်မယ့် အမတ်လောင်း ဦးနေမင်းထွန်းကတော့ ရန်ကုန်ရောက် ရခိုင်တွေဟာ “ ကြံ့ခိုင်ရေးပါတီကလွဲပြီး မဲပေးစရာ အခြားမရှိ ”လို့ ပြောဆို မဲဆွယ်နေပါတယ်။

ဦးနေမင်းထွန်းမှာ ဘူးသီးတောင်မြို့နယ် ဇာတိဖြစ်ပြီး ဆောက်လုပ်ရေး၊ ဟိုတယ်လုပ်ငန်းနဲ့ အခြား စီးပွားရေး ကုမ္ပဏီလုပ်ငန်းရှင် တဦးဖြစ်တယ်လို့ သိရပါတယ်။

တခါ ရက္ခိတလမ်းစဉ်ကို လိုက်နာသူအဖြစ် ရွေးကောက်ပွဲ ဝင်ပြိုင်တာဖြစ်တယ်လို့ ပြောလာသူကတော့ ဦးသာစိန်ဖြစ် ပါတယ်။ သူက ပြည်သူ့ပါတီ ကိုယ်စားပြု ပြိုင်မယ့် အမတ်လောင်းလည်း ဖြစ်ပါတယ်။

“ကျနော်က အမျိုးဘာသာ၊ သာသနာစောင့်ရှောက်တဲ့ ရက္ခိတလမ်းစဉ်ကို လိုက်နာတဲ့ လူတယောက် ဖြစ်ပါတယ်။ နောက်ပြီးတော့ ရန်ကုန်မှာ နည်းလမ်းပေါင်းစုံနဲ့ ရောက်ရှိလာကြတဲ့ ရခိုင်လူငယ်တွေကို ဖွံဖြိုးတိုးတက်အောင် ဦးဆောင်ပေးမယ်” လို့ ဦးသာစိန်က ပြောပါတယ်။ ဒါ့အပြင် အဆင်မပြေတဲ့ ရခိုင်တွေကို ကူညီပေးချင်တဲ့ ဆန္ဒပြင်းပြလို့ ဝင်ပြိုင်တာဖြစ်ပြီး ၁၁ မျဉ်းစောင်း မှတ်ပုံတင် ကိုင်ထားတဲ့ ရခိုင်တွေ တနိုင်ငံလုံး လွတ်လပ်စွာ သွားလာခွင့်ရရေး ဖြေရှင်းပေးမယ်လို့ ကတိပေးပါတယ်။

နောက်ပြီး ပြည်သူ့ရှေ့ဆောင်ပါတီကနေ ရခိုင်ဝန်ကြီးပြိုင်မယ့် ဒေါ်အေးမာလွင်ကတော့ ဒီနေ့ Online ထက်မှာ ရခိုင်ပြည်သူအကြား နာမည်ကြီးပါတယ်။အကြောင်းကတော့ မဲဆွယ်ပွဲတွေမှာ ရခိုင်သီချင်းတွေဆိုလိုက်၊ ဗမာ စကားနဲ့ ရှင်းပြလိုက် လုပ်ပြနေလို့ပါ။

မြို့နယ်ပညာရေးမှူး (ငြိမ်း) ဖြစ်ပြီး၊ စစ်တွေမြို့ ဇာတိဖြစ်ကြောင်း၊ စစ်တပ် အရာရှိ ဗိုလ်မှူးဆန်းအေး ညီမဖြစ် ကြောင်းပြောပြီး မဲဆွယ်နေပါတယ်။  ရန်ကုန်ရောက် စစ်ဘေးရှောင်ကလေးငယ် ပညာရေးကို ဦးစားပေးမယ်လို့ လည်း ဒေါ်အေးမာလွင်က ကတိပြုထားတာတွေ့ပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ)က ဦးတင်မောင်ကလည်း ရန်ကုန်ကိုရောက်နေကြတဲ့ ရခိုင် အလုပ်သမားအရေးနဲ့ ရခိုင်ပြည် ငြိမ်းချမ်းရေးကို လုပ်ပေးဖို့အကြောင်း BBC အင်တာဗျူးမှာ ပြောပါတယ်။

တခါ ရခိုင်ဝန်ကြီးနေရာပြိုင်မယ့် တစ်သီးပုဂ္ဂလ အမတ်လောင်း ဦးတင်ထူးအောင်ကလည်း ရန်ကုန်ရောက် ရခိုင်အလုပ်သမားအရေးကို ဦးစားပေးဆောင်ရွက်သွားမယ်လို့ ကတိပြုထားပါတယ်။

“တနေ့တနေ့ ရခိုင်ပြည်ပြင်ပကို ရောက်နေတဲ့ သိန်းချီ၊ သောင်းချီတဲ့ ရခိုင်တွေရဲ့ နေ့စဉ်လူမှု ဘဝပြဿနာတွေ ကို ဖြေရှင်းနေရတယ်။ ကျနော်တို့ ခေါင်းပေါ်မှာချည်း ရှောင်လွှဲလို့ မရဘူး။ ဒါဟာ ကျနော့် လက်ရှိ အရှိတရားနဲ့ ငြင်းမ ရတဲ့ မှန်ကန်မှုပါ ” လို့ ဦးတင်ထူးအောင်က သူရဲ့ လူမှုကွန်ရက်ကနေ ရှင်းပြပါတယ်။

ဦးတင်ထူးအောင်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲကလည်း ဒီနေရာကို ဝင်ပြိုင်ခဲ့ပေမဲ့ မနိုင်ခဲ့ပါဘူး။ လက်ရှိမှာ တော့ ရခိုင်အမျိုးသားကွန်ရက်ကို တည်ထောင်ပြီး ရန်ကုန်၊ ပြည်မနဲ့ နိုင်ငံခြားရောက် ရခိုင်ရွှေ့ပြောင်း အလုပ် သမားတွေရဲ့ အခွင့်အရေးကို ဖြေရှင်းပေးနေသူလည်းဖြစ်ပါတယ်။

ထို့အတူ တစ်သီးပုဂ္ဂလ ဝင်ပြိုင်မယ့် နောက်တဦးကတော့ ဦးညီညီဖြစ်ပြီးဆင်းရဲနွမ်းပါးတဲ့ကလေး သူငယ်တွေ ပညာသင်ကြားခွင့်ရရှိရေး စွမ်းဆောင်ပေးမယ့်အကြောင်း ကတိပေးပြီး မဲဆွယ်နေပါတယ်။

ဒါတွေကတော့ စစ်ကောင်စီ ရွေးကောက်ပွဲကနေ အမတ်ဖြစ်ချင်နေသူတွေရဲ့ မျှော်လင့်ချက် စိတ်ကူးစိတ်သန်းနဲ့ ကတိကဝတ်တွေကို တင်ပြခဲ့တာဖြစ်ပါတယ်။

အတိတ်ကို လည်ပြန်လှည့်ကြည့်ရရင် လွှတ်တော်နှစ်ဆထဲကနေ ထွက်ပေါ်လာတဲ့ ရန်ကုန် ရခိုင်ရေးရာ ဝန်ကြီး တွေဟာ ဦးဥတ္တမပွဲ၊ ရခိုင်သင်္ကြန်ပွဲတွေကိုသာ ကျင်းပ နိုင်စွမ်းရှိခဲ့လို့ သာရေးနာရေးအသင်းလောက်သာ ဩဇာရှိ တယ်လို့ ဝေဖန်သံတွေ ကြားခဲ့ရပါတယ်။

ဒါ့အပြင် ရခိုင်လွှတ်တော်၊ ပြည်ထောင်စုလွှတ််တော်တွေမှာ ရခိုင်အမတ်တွေဟာ ရခိုင်ပြည်အရေးကို အဆိုတင်၊ မေးခွန်းမေးတာတွ ဆက်တိုက်လုပ်ခဲ့ပေမဲ့ ရခိုင်နိုင်ငံရေး အရွေ့တခုကို မစွမ်းဆောင်နိုင်ခဲ့ကြပါဘူး။

အခုလည်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတွေအတွက် ရခိုင်ပြည်မှာ ဆက်သွယ်ရေးလိုင်း၊ အင်တာနက် လိုင်း တွေ ဖွင့်ပေးဖို့ ဦးဘရှိန်က တောင်းဆိုခဲ့ပေမဲ့ ထင်သလောက် အရာရောက်တာ မမြင်ရပါဘူး။ ဆိုတော့ ဒီလို အကျပ်အတည်းကာလမှာတောင် စစ်ကောင်စီက သူ့လက်အောက်မှာပြိုင်မဲ့ အမတ်လောင်းတွေရဲ့ အခန်းကဏ္ဍ ကို ထည့်တွက်ပုံ မပေါ်ပါဘူး။ ဒါတွေက လက်ငင်းမြင်နေရတဲ့ စစ်တပ်ရဲ့ ရခိုင်ပြည်သူ အပေါ်ထားတဲ့ စေတနာ တွေလို့ ဆိုနိုင်မှာပါ။

ရွေးကောက်ပွဲ စိတ်ဒဏ်ရာနဲ့ ရခိုင်နိုင်ငံရေး အရှိတရား

ရခိုင်ပြည်သူတွေကတော့ စစ်အာဏာရှင် အကွက်ချ စီစဉ်ထားတဲ့ ဒီရွေးကောက်ပွဲကို စိတ်ဝင်စားမှု လုံးဝမရှိပါဘူး။ နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းအောက်မှာ ချွတ်ခြုံကျနေတဲ့ ဘဝတွေဟာ စားဝတ်နေရေးထက် ဦးစားပေး မရှိကြောင်း ဆိုပါတယ်။

တခါ ရခိုင်ပြည်သူတွေဟာ ၁၉၉၀၊ ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ စတဲ့ ရွေးကောက်ပွဲကြီးတွေကို ဖြတ်သန်းခဲ့ပါပြီ။ ရခိုင်ပြည်သူတွေနဲ့ ထပ်တူကျတဲ့ နိုင်ငံရေး ရည်မှန်းချက်ကို မရခဲ့ပါဘူး။ ရခိုင်ပြည်သူ တဦးချင်းစီရဲ့ နိုင်ငံရေး လိုအင် Self-Determination (ကိုယ်ပိုင် ပြဌာန်းခွင့်)ဟာလည်း  ၂၀၀၈ ခြေဥအောက်မှာ ရှိမနေပါဘူး။

ဒါကြောင့် စစ်ဗိုလ်ချုပ်တွေ ဇယားကွက်ချ စီစဉ်ထားတဲ့ လုပ်ပွဲကနေ နိုင်ငံရေး အခင်းအကျင်းသစ်တခု ပေါ်လာ မလားလို့ ပါတီတွေ အိပ်မက်မက်နေကြတာပါ။ ဘာဖြစ်ဖြစ် ဒီပွဲကနေ မိမိအတွက် အစွမ်းထွက်တနေရာ ရလာ လေမလားလို့ မျှော်လင့်ချက်တွေသာ ဖြစ်မှာပါ။

တနည်းအားဖြင့် ဒီအမတ်လောင်းတွေဟာ ရွေးကောက်ပွဲ တရာမျှတတာ၊ မမျှတာ၊ ပြည်သူ ကြိုက်မကြိုက် ဆိုတာ ထက် ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံရေး လှေကြုံစီးသူတွေပါ။ တဖက်မှာလည်း အင်အားကြီးပါတီတွေမပါတဲ့ ဒီပွဲကနေ တနေရာ သေချာတယ်ဆိုပြီး တွက်ဆထားဟန် ရှိပါတယ်။

ရခိုင်ပြည်သူတွေကတော့ နေ့စဉ်လေကြောာင်း၊ လက်နက်ကြီးတွေနဲ့ သတ်ဖြတ်နေတဲ့ စစ်ရာဇဝတ်မှု ကျူးလွန် နေသူ စစ်ဗိုလ်ချုပ် တွေကို စိတ်နာနေကြတာပါ။ ဒါကို မျက်ကွယ်ပြုပြီး စစ်တပ်လက်အောက်ဝင်ကတည်းက သူတို့ရဲ့ နိုင်ငံရေးခံယူ ချက်တွေ သေနေပြီလို့ ရှုမြင်ထားပြီးသားပါ။

ဒီနေ့ ရခိုင်ပြည်သူတွေဟာ စစ်အာဏာရှင်ရဲ့ လေကြောင်း အကြမ်းဖက် သတ်ဖြတ်မှုအောက်မှာ အသက်ရှင်ဖို့ ရုန်းကန်နေရတာပါ။ ပြည်သူတွေ စုဝေးရာ ရပ်ရွာ၊ ဈေး၊  စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေး အဆောက်အအုံ တို့ကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား ဗုံးကြဲသတ်ဖြတ်နေတဲ့ ရာဇဝတ်မှုတွေကို ရေငုံနှုတ်ပိတ်ပြီး၊ ကျည်ကွယ် မျက်ကွယ်၊ ရန်ကုန်ကနေ ရခိုင်ပြည်အရေးကို ကူညီပေးမယ်လို့ အမတ်လောင်းတွေ မဲဆွယ်နေတာဖြစ်ပါတယ်။

ဒါကြောင့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် ၃ မြို့ကထွက်လာမယ့် အမတ်တွေနဲ့ ရန်ကုန်အမတ်တို့ဟာ ရခိုင်ပြည်သူအားလုံး ဆန္ဒကို မလွှမ်းခြုံနိုင်မှာ သေချာပါတယ်။ ဒါကို ရခိုင်အရေးဆိုပြီး အသံကျယ်အော်ရင်း စစ်ရှောင်တွေကို ပစ်မှတ်ထား လိမ်လည်နေတာလို့ မြင်ရပါတယ်။ တခါ စစ်အုပ်စု အသုံးချခံ ကိုယ့်တနေရာ ထိုင်ခုံအတွက် ရခိုင်ပြည်သူတွေနဲ့ ရခိုင့်နိုင်ငံရေး ဂုဏ်သိက္ခာကို ချောက်တွန်းလိုက်တာဖြစ်မှာပါ။

ဒီနေ့ ရခိုင်ပြည်ထဲမှာ ပြည်သူတွေ အားလုံးလိုချင်တာက ၂၀၀၈ ခြေဥ မဟုတ်ပါဘူး။ အချုပ်အခြာအာဏာကို အခြေတည်၊ ကိုယ့်ကံကြမ္မာကိုယ် ဖန်းတီးနိုင်တဲ့ ကွန်ဖက်ဒရိတ် နိုင်ငံရေးအဆင့်ပဲဖြစ်ပါတယ်။ ဒါတွေ အတွက် လည်း ရခိုင်ပြည်သူတွေ ဒုက္ခအဖုံဖုံကို အံကြိတ်ခံနေကြပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောသလို အစိမ်းတုတ်နဲ့ ရိုက်ရိုက် အနီတုတ်နဲ့ ရိုက်ရိုက် နာကျင်ခဲ့ရတာကို သတိမမူဘဲ စစ်အာဏာရှင် ရင်ခွင်သို့ တိုးဝင်နေတဲ့ ရခိုင်အမတ်လောင်းတွေဟာ ကိုယ့်အကျိုးစီးပွားအတွက် ဟုတ်/ မဟုတ် မေးခွန်းထုတ်နေကြပါတယ် … ခင်ဗျား။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ