
AB News – အောက်တိုဘာ ၃၀၊ ၂၀၂၅
ချန်ဒြာ
စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော် AA တို့ကြား နှစ်ဖက်စစ်ရေးပြင်းထန်နေသည့် စစ်တွေမြို့အနီးရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်က အောက်တိုဘာလ ၂၉ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
မီးရှို့ခံရသည့် ကျေးရွာများမှာ စစ်တွေမြို့ မြောက်ဘက် အမြင့်ကျွန်း အနီးဝန်းကျင်တွင် တည်ရှိသည့် ချီလည်ပင်းကျေးရွာ၊ သိန်းတန်ကျေးရွာနှင့် ရာတန်ကျေးရွာတို့ ဖြစ်သည်။
စစ်တွေမြို့ကို ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်သည့် စစ်ကော်မရှင်တပ်၏ ယခုလုပ်ရပ်သည် အာရက္ခတပ်တော် (AA) မြို့တွင်းသို့ ထိုးဖောက်ဝင်ရောက်လာမည့် လမ်းကြောင်းများကို ကြိုတင်ရှင်းလင်းခြင်းဖြစ်နိုင်ပြီး ကျေးရွာများကို မီးရှို့ခြင်းဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသူတစ်ဦးက ဆိုသည်။
လက်ရှိအချိန်တွင် စစ်တွေမြို့ ပတ်ဝန်းကျင်၌ အာရက္ခတပ်တော် AA နှင့် စစ်ကော်မရှင်တပ်တို့အကြား စစ်ရေးတင်းမာမှု အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနေပြီး ရွှေမင်းဂံရေတပ်နှင့် ပင်လယ်ပြင်ရှိ စစ်သင်္ဘောများမှနေ၍ ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်များကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ အာရက္ခတပ်တော်(AA) သည်လည်း စကမ တပ်များရှိရာ နေရာများနှင့် ဒကစအတွင်းကို ပြန်လှန်ပစ်ခတ်နေကြောင်း သိရသည်။
စစ်ကော်မရှင်တပ်သည် ပုဏ္ဏားကျွန်းမြို့ကို လက်လွှတ်ခဲ့ရစဉ်က အာရက္ခတပ်တော် AA တပ်များ စစ်တွေမြို့ကို ရောက်မလာစေရန်အတွက် မင်းချောင်းတံတားကို ချိုးဖျက်ခဲ့ပြီး ယခုတွင် အဆိုပါမင်းချောင်းတံတားကို ပြန်လည်ပြုပြင်ထားပြီး ခံတပ်စခန်းများ ပြုလုပ်နေကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်ကော်မရှင်တပ်က မင်းချောင်းတံတားထိပ်နှစ်ဖက်တွင် ခံစစ်အခိုင်အမာပြင်ဆင်ကာ လူအင်အားချထားကြောင်းလည်း ဒေသခံများက ဆိုကြသည်။
စစ်တွေမြို့အပြင်ဖက်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သော အလားအလာများရှိနေပြီး ဒေသခံပြည်သူများ၏ လုံခြုံရေးအတွက် စိုးရိမ်မှုများ မြင့်တက်လာလျက်ရှိသည်။