Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြို့နယ်ရှိ ရွာ ၅ ရွာမှ မူဆလင် ၅၀၀ ခန့်ကို စစ်ကောင်စီက စစ်သင်တန်းတက်ရန် ခေါ်ယူသွား

ရက္ခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ ရွာ ၅ ရွာမှ မူဆလင် ၅၀၀ ခန့်ကို စစ်ကောင်စီက စစ်သင်တန်းတက်ရန် စစ်တွေမြို့ထဲသို့ ခေါ်ယူသွားခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ရသေ့တောင်မြို့နယ် ‌ညောင်ပင်ကြီးမူဆလင်ရွာမှ မူဆလင် အမျိုးသမီးငယ်များအား တွေ့ရစဥ်/‌ABN-Tun Thar

အကြမ်းဖက် စစ်ကောင်စီသည် ပြီးခဲ့သည့် ဧပြီလ ၂ဝ၊ ၂၁ ရက်များတွင် သက္ကေပြင်၊ ဘာဆာ၊ ဒါးပိုင်၊ သဲချောင်း နှင့် ဘုမေရွာများမှ မူဆလင်အမျိုးသား ၅၀၀ ခန့်ကို စစ်သင်တန်းတက်ရန် ခေါ်ဆောင်သွားကြောင်း သိရသည်။

စစ်ကောင်စီ၏ အဓမ္မဖိအားပေး ခေါ်ခံရ၍ စစ်သင်တန်းတက်ရန် လိုက်ရသူများရှိသလို ဆန္ဒအရ လိုက်ပါသူများလည်းရှိသည်ဟု စုံစမ်းသိရှိရသည်။

စစ်ကောင်စီသည် မူဆလင်များကို အတင်းအဓမ္မဖိအားပေး၍ စစ်မှုထမ်းရန် လိုက်သွားရသူများရှိသလို ၎င်းတို့၏ ဆန္ဒအရ ပါသွားသူများလည်းရှိသည်ဟု ဘုမေရွာမှ ဒေသခံမူဆလင်အမျိုးသားတစ်ဦးက AB News သို့ပြောသည်။

“ရွာကို မီးရှို့မယ်၊ ပစ်သတ်မယ် ဆိုပြီး ခြိမ်းခြောက်တာရှိပါတယ်။ ရွာလူကြီးတွေကို အစည်းအဝေးခေါ်ပြီး ပထမလူစုခိုင်းပါတယ်။ သူတို့တောင်းတဲ့ အရေအတွက်ကို ရအောင်လုပ်ပေးရမယ်ပြောပါတယ်။ တချို့ကျတော့လည်း လိုက်ချင်လို့ လိုက်ကြတဲ့သူတွေရှိပါတယ်” ဟုဆိုသည်။

စစ်သင်တန်းတက်ရန် ခေါ်ယူသွားခံခဲ့သည့် မိသားစုဝင်များမှာ အလွန်စိုးရိမ်လျက်ရှိကြောင်း မူဆလင်အမျိုးသမီး ၁ ဦးက ပြောသည်။

“ကျမကတော့အရမ်းစိတ်ပူတယ်။ စစ်သင်တန်းဆင်းရင် စစ်ကောင်စီက ကျမတို့ရဲ့သားကို ရှေ့တန်းထွက်ခိုင်းမှာဖြစ်ပါတယ်။ ဒါကအရမ်းအန္တရာယ်များတယ်” ဟု ဆိုသည်။

ရသေ့တောင်တိုက်ပွဲတွင်လည်း အကြမ်းဖက် စစ်ကောင်စီသည် ရက်တိုစစ်သင်တန်းပေးပြီး မူဆလင်များကို လက်နက်တပ်ဆင်ပြီး ရှေ့တန်းစစ်မျက်နှာပြင်သို့ ပို့ခဲ့ရာ တိုက်ပွဲအတွင်း မူဆလင်လက်နက်ကိုင်အချို့ သေဆုံးခဲ့သည်ဟု AA ထုတ်ပြန်ပြောဆိုခဲ့သည်။

လက်ရှိတွင် စစ်တွေ၊ ကျောက်ဖြူ၊ ဘူးသီးတောင်၊ မောင်တော မြို့နယ်များမှ မူဆလင်များကိုလည်း စစ်ကောင်စီက စစ်မှုထမ်းရန် ဖိအားခေါ်ယူနေကြောင်း သိရသည်။

စစ်ကောင်စီသည် ဘူးသီးတောင်၊ မောင်တောဒေသများတွင် အကြမ်းဖက် မူဆလင်များအား လက်နက်တပ်ဆင်ပေးပြီး ဘူးသီးတောင်မြို့တွင်းရှိ ဒေသခံ ရက္ခိုင်နေအိမ်များအား စစ်ကောင်စီက မီးရှို့စေခဲ့ကြောင်း ခိုင်လုံသတင်းရင်းမြစ်များအရ သိရသည်။

ထိုသို့ အကြမ်းဖက် စစ်ကောင်စီနှင့် မူဆလင်လက်နက်ကိုင်တို့၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ဘူးသီးတောင်တွင် နယ်စည်းမခြားဆရာဝန်များအသင်း (MSF) ရုံးအပါအဝင် နေအိမ် ထောင်ချီ မီးလောင် ပျက်စီးသွားခဲ့ပြီဖြစ်ကြောင်း စုံစမ်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ