Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် အပြစ်မဲ့ အရပ်သားပြည်သူ အမျိုးသား ၉ ဦးကို စစ်ကောင်စီတပ် ပစ်သတ်၊ အမျိုးသမီး ၁ ဦးနှလုံးရပ်သေဆုံး

(စစ်တွေဖြစ်စဥ် နောက်ဆုံးရသတင်း)

AB News-မေ ၃၁၊ ၂၀၂၄

စစ်တွေမြို့ ဗျိုင်းဖြူရွာမှ အပြစ်မဲ့အရပ်သားပြည်သူအမျိုးသား ၉ ဦးကို အကြမ်းဖက် စစ်ကောင်စီက သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး၊ ပစ်သတ်သည့် သေနတ်သံကြား၍ နှလုံးရပ်ကာ အမျိုးသမီး ၁ ဦး သေဆုံးသွားကြောင်း AB Newsက သတင်းရရှိသည်။

ပစ်သတ်ခံရ၍ သေဆုံးသွားသူများမှာ

(၁) ဦးကုလားအောင် (အသက် ၄၅ နှစ်)

(၂) ဦးသန်းထွန်းဝင်း (အသက် ၄၃ နှစ်)

(၃) မောင်ပေါက်စ (အသက် ၁၅ နှစ်)

(၄) ဦးကျော်သိန်းဦး

(၅) မောင်ကျော်ဆန်းဦး

(၆) ချဘုကောင် (အမိ- ဒေါ်စိုးတင်)

(၇) မောင်သိန်းထွန်း

(၈) ဦးကျော်နိုင်

(၉)မောင်လုံးချေ

တို့ ဖြစ်ကြပြီး ၎င်းတို့ အားလုံးမှာ စစ်တွေမြို့ ဗျိုင်းဖြူရပ်ရွာမှ ဖြစ်ကြသည်။

အမျိုးသား ၉ ဦးအား ပစ်သတ်သည့် သေနတ်သံကိုကြား၍ နှလုံးရပ် သေဆုံးသွားသည့် အမျိုးသမီးမှာ ဗျိုင်းဖြူရပ်ရွာမှာ ဒေါ်မသန်းသန်းနုဖြစ်သည်။

ဖြစ်စဥ်မှာ မေလ ၂၉ ရက်နေ့ နေ့ခင်း ၁၂ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်ကား ၅ စီးနှင့် ALP တပ်ဖွဲ့ဝင်ကား ၂ စီးတို့ဖြင့် စုစုပေါင်း အင်အား ၁၀၀ ခန့်သည် ဗျိုင်းဖြူရွာထဲသို့ ဝင်လာပြီး ညနေ ၃ နာရီဝန်းကျင်တွင် ဗျိုင်းဖြူရွာထဲရှိ အသက် ၁၅ နှစ်အထက် အမျိုးသား ၂၀၀ ကျော်တို့ကို ဖမ်းဆီးချုပ်နှောင်ပြီး  ဗျိုင်းဖြူရွာ၏ အရှေ့ဖက်ရှိ ရေကန်ကြီးအနီးတွင် သေနတ်ဒင်တို့ဖြင့် ရက်ရက်စက်စက် ထုထောင်းရိုက်နှက်ပြီး လက်များကို နောက်ပြန်ကြိုးတုတ်လျက် ဆောင့်ကြောင့် ထိုင်ခိုင်းထားခဲ့ကြောင်း သိရသည်။

ထို့နောက် ဖမ်းဆီးခံထားရသည့် အမျိုးသားများ၏ ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် မိဘများ ဦးရေ ၂၀၀ ကျော်တို့အားလည်း ရွာအပြင် သင်္ချိုင်းတွင် အစာရေစာ လုံးဝမကျွေးဘဲ နေလှမ်းထားခဲ့ကြောင်း သိရသည်။

မေလ ၃၀ ရက်နေ့ နံနက်အရုဏ် ၃ နာရီခန့်တွင် ဖမ်းဆီးခံထားရသည့် အမျိုးသား ၂၀၀ ကျော်ထဲမှ အသက် ၁၅ နှစ်အရွယ် အမျိုးသား ၁ ဦးအပါအဝင် ၉ ဦးကို မျက်နှာဖုံးစွပ်ကာ စစ်ကောင်စီနှင့်အပေါင်းအပါ ALP အဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်သတ်လိုက်ကြကြောင်း စုံစမ်းသိရှိရသည်။

နောက်ထပ် ဖမ်းဆီးခံထားရသည့် အမျိုးသားများ အားလုံးကိုလည်း စစ်တွေမြို့ရှိ စစ်ကောင်စီ၏ ခလရ (၂၀) တပ်ရင်းထဲသို့ စစ်ကားများဖြင့် တင်ယူသွားကြောင်း သိရပြီး ၎င်းတို့မှာ အသက်ရှင်လျက် ရှိ/မရှိကို မသိရသေးပေ။

ဗျိုင်းဖြူရွာသည် စစ်တွေမြို့မြောက်ဘက် ဆတ်ရုံးကျချောင်းဘေးတွင်ရှိပြီး နေအိမ် ၁၀၀၀ ခန့်ရှိသည့် ရပ်ကွက်တစ်ခု ဖြစ်သည်။  

တချိန်တည်းတွင် ဗျိုင်းဖြူရွာမှ နေအိမ် ၁ လုံးကိုလည်း စစ်ကောင်စီအဖွဲ့က မီးရှို့ခဲ့ပြီး၊ စစ်တွေမြို့အနီး နေအိမ် ၁၀၀ ကျော်ခန့်ရှိသည့် ချောင်းနွယ်မင်းဂံ (ရွှေမင်းဂံ) ရွာကို စစ်ကောင်စီက မေလ ၂၉ ရက်နေ့တွင် ဘက်ဟိုး စက်ကြီးများဖြင့် ဖျက်ဆီးခဲ့ရာ၊ လူနေအိမ်ခြေ ၁၀၀ ခန့် ပျက်စီးသွားကြောင်းလည်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ